မတ်လ (၂၆)ရက်။
မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့ အင်အား (၆၀)လောက်နဲ့ သရက်ချဥ်ရွာ အနောက်လမ်းအတိုင်း သမြင်ကင်းကျေးရွာထိ စစ်ကြောင်းထိုးဝင်လာတာ” လို ဆိုပါတယ်။
စစ်တပ်စစ်ကြောင်းဟာ သရက်ချဉ်ရွာအနောက်လမ်းအတိုင်း သမြင်ကင်းရွာအထိ ဝင်ရောက်လာခဲ့တာကြောင့် ကျေးရွာ (၆)ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို ဖော်ပြထားပါတယ်။
စစ်တပ်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာတွေဟာ သရက်ချဥ်ရွာ၊ အုန်းတောရွာ၊ သမြင်ကင်းရွာ၊ ကျောင်းကုန်းရွာ၊ ကျီးသိုက်ရွာနဲ့ ကညှပ်ရွာတိုဖြစ်တယ်လို ရေးသားထားပါတယ်။
အဲ့ဒီနောက် အကြမ်းဖက်စစ်ကြောင်းဟာ ည (၇)နာရီခန့်မှာ လာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး အင်အားအနည်းငယ်ဟာ သမြင်ကင်းကျေးရွာမှာ ကျန်ရှိနေတယ်လို ဆိုပါတယ်။
နောက်ပြီး အကြမ်းဖက်စစ်တပ်ဟာ ညနေ (၄)နာရီနဲ့ (၅)နာရီအချိန်တိုမှာ ကျောင်းကုန်းရွာနဲ့ ကညှပ်ရွာကြားရှိ ဇီးအုပ်ဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
အဲ့ဒီဖြစ်စဉ်ထဲ ဘုန်းကြီးကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မီးလောင် ပျက်ဆီးသွားခဲ့ပြီး လူထိခိုက်တဲ့အခြေအနေကိုတော့ ထည့်သွင်းပြောဆိုထားတာမရှိပါဘူး။
ဒါ့အပြင် ဇန်နဝါရီလပိုင်းကလဲ စစ်တပ်စစ်ကြောင်းဟာ စလင်းချောင်းတောင်ဘက်ရှိ ကျေးရွာတွေကို လက်နက်ကြီးတွေ၊ ဒရုန်းဗုံးသီးတွေနဲ့ ပစ်ခတ်ခဲ့သလို စစ်ကြောင်းထိုးကာ ပြည်သူ့နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို မီးရှိဖျက်ဆီးခဲ့တယ်လို သိရပါတယ်။








