မတ်လ (၃၀)ရက်။
ဟားခါးမှာ စစ်အုပ်စုခန့် လွှတ်တော်ဥက္ကဋ္ဌသစ် ဦးကောလ်လျန်ထန်းရဲ့ အိမ်ဘေးအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူငယ် (၃)ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ CDF-Hakha ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီလူငယ် (၃)ဦးဟာ ဟားခါးမြို့ထဲနေသူတွေဖြစ်ပြီး မတ်လ (၂၃)ရက်နေ့က လေသေနတ်အတွက် စကုတ်တလုံးနဲ့ မိသားစုကိစ္စနဲ့ မြို့ပြင်ထွက်လာချိန် စစ်တပ်က ဖမ်းဆီးကာ စစ်ဆေးတာမလုပ်ဘဲ လူမဆန်စွာ ရိုက်နှက်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
ဒီလိုသတ်ဖြတ်ခံရတဲ့ အလောင်းတွေအနီး ရိုင်ဖယ်သေနတ်ကို တမင်တကာချထားပြီး ဓါတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာပေါ်တင်တာက အပြစ်မဲ့ပြည်သူကို အတုအယောင် လက်နက်ကိုင်အနေနဲ့ ဖန်တီးဖို့ ကြိုးပမ်းတာလို့ ဖော်ပြထားပါတယ်။
အဲ့ဒါဟာ အလွန် ယုတ်မာတဲ့ လိမ်လည်လှည့်ဖျားမှုဖြစ်ပြီး အမှန်တရားကို ဖုံးကွယ်လိုတဲ့ အကြမ်းဖက်အာဏာရှင်တွေရဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာ ထင်ရှားစွာ ဖော်ပြနေတယ်လို့ ရေးသားထားပါတယ်။
ဒီလို အပြစ်မဲ့ပြည်သူတွေအပေါ် လူမဆန်တဲ့ လုပ်ရပ်တွေအပေါ် CDF-Hakha က လုံးဝကန့်ကွက်ရှုတ်ချပြီး ကျူးလွန်သူတွေ တာဝန်ယူရမယ်လို့ သတိပေးထားပါတယ်။
ဒါ့အပြင် ဟားခါးမြို့ပေါ်နေ ပြည်သူတွေအပါအဝင် လူငယ်တွေအနေနဲ့ အလေးထား သတိပြုကြဖို့နဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးမှာ ကိုယ်တိုင်ပါဝင်ဖို့ တိုက်တွန်းအသိပေးထားပါတယ်။
CDF-Hakha အနေနဲ့ သေဆုံးသွားတဲ့ လူငယ်တွေရဲ့ မိသားစုတွေနဲ့အတူ ထပ်တူ ဝမ်းနည်းကြေကွဲခံစားရတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








