ဧပြီလ (၁)ရက်။
ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး မြန်မာဘက်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီနောက် ထိုင်းအာဏာပိုင်တွေရဲ့ သတင်းပေးပို့ အကူအညီတောင်းခံတာကြောင့် တရားခံကို စုံစမ်းရှာဖွေခဲ့ရာ မတ်လ (၂၇)ရက်နေ့မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တနင်္သာရီမြို့နယ်ထဲ ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတရားခံကို နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ တနင်္သာရီတိုင်းစစ်ဌာနရဲ့ ထောက်လှမ်းရေးအရာရှိ၊ နည်းဗျူဟာ (၃၅) ထောက်လှမ်းရေးအဖွဲ့ မြိတ်ခရိုင် PDF တပ်ရင်း (၂/၃) ထောက်လှန်းရေးတာဝန်ခံတွေ၊ KNLA တပ်ရင်း (၁၁)နဲ့ မြိတ်မြို့နယ်ပကဖတို့ ပူးပေါင်းဖမ်းမိခဲ့တာပါ။
ဖမ်းမိခဲ့တဲ့တရားခံကို မတ်လ (၂၈)ရက်နေ့က ထိုင်း-မြန်မာနယ်စပ်မှာ သက်သေခံပစ္စည်းတွေ၊ ဖမ်းဆီးရရှိတဲ့ဖြစ်စဉ်နဲ့ တရားခံထွက်ဆိုချက်တွေကို တိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်စတားက ထိုင်းအာဏာပိုင်တွေဆီ ရှင်းလင်းပြောဆိုခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် အမှတ်(၃၅)နည်းဗျူဟာမှူး ရဲဘော်ကျော်ထင်အောင်နဲ့ KNU မြို့နယ်ရဲမှူးတို့က စာရွက်စာတမ်းတွေနဲ့အတူ ထိုင်းအာဏာပိုင်တွေဆီ တရားဝင်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။










