၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က တင်ပြ လာတာရှိခဲ့ပါတယ်။ YDF တပ်က ရာဇဝတ်သားတပ်ပြေးတွေကို တော်လှန်ရေး လုပ်နေသူတွေ နစ်နာသူတွေအနေနဲ့ ပုံဖော်ရေးသားလာကြတာကိုလည်း တွေ့ရပါတယ်။
ဒါပေမယ့် အဲ့ဒီတပ်ပြေးကောင်းကောင်းဟာ သူ့အုပ်စုကို ကာကွယ်ပေးခဲ့တဲ့ NUG လက်အောက်ခံ ဂန့်ဂေါခရိုင်တပ်ရင်း (၁၀) တပ်ခွဲ (၇) နဲ့ ပူးပေါင်းပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့မှာ YDF ရဲ့ မဟာမိတ် GZ Army က စစ်ဦးစီး ကိုအောင်မျိုးထက် ခေါ် ကိုဇက်တို့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ကံအားလျော်စွာပဲ ကိုဇက် အသက်မသေဘဲ လွတ်မြောက်ခဲ့ ပေမယ့် သူ့ရဲဘော်တွေ ဒဏ်ရာတွေရခဲ့ပြီး အဖမ်းခံခဲ့ရပါတယ်။ အဲ့ဒီ ဂန့်ဂေါခရိုင်တပ်ရင်းနဲ့ နယ်မြေပကဖတွေ ကလည်း စစ်တပ်ကို မတိုက်ဘဲ YDF ကိုပဲ အကြိမ်ကြိမ်လာရောက်နှောင့်ယှက်တိုက်ခိုက်နေတဲ့ ရာဇဝတ်သား၊လူသတ် မုဒိန်းမှု ကျူးလွန်ထားတဲ့သူများပါဝင်တဲ့ အစုအဖွဲ့ကို အကာအကွယ်ပေးထားခဲ့ပါတယ်။
ဒီအဖွဲ့ဟာနောက်ခံအားပေးမှုတွေရှိလာတဲ့အခါ အတင့်ရဲလာပြီး သူတို့ဟာ မြေပြင် YDF ရုံးအဖွဲ့ဖြစ်တယ်ဆိုပြီး YDFတံဆိပ်၊ အလံစတာတွေကိုပုံတူအသုံးချပြီး YDFနဲ့အပြိုင်ထင်ယောင်ထင်မှားလုပ်ဆောင်လာခဲ့ပါတယ်၊ ဒီကိစ္စကို YDFက သူတပ်စည်းမျဥ်းစည်းကမ်းနဲ့အညီအရေးယူရမှာဖြစ်ကြောင်း YDFနိုင်ငံရေးမှူးဖြစ်သူ ရဲဘော်ရဲမာန်ဟိန်းက ရှင်းပြ ထားပါတယ်။
ဒီအကြောင်းတွေကို ချန်လှပ်ပြီး သတင်းတင်ပြရင် ဖြစ်စဉ်တစ်ခုလုံးရဲ့ အခြေအနေကို မှားယွင်းစွာ ဆုံးဖြတ်နိုင်ပါတယ်။ ဒါကြောင့် YDF တပ်ဖွဲ့အနေနဲ့ ဘယ်လိုအခက်အခဲတွေကြုံခဲ့ရပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်း နေရသလဲ ဆိုတာကို သိရှိနိုင်ဖို့ ဒီဖြစ်စဉ်တွေမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ YDF တပ်မှူး ရဲဘော်သမိုင်းနဲ့ နိုင်ငံရေးမှူး ရဲဘော်ဇွဲမာန်ဟိန်းတို့ကို မေးမြန်းမှုအပြင် ဒီ တပ်ပြေးရာဇဝတ်သားအုပ်စုခေါင်းဆောင် ကောင်းကောင်းတို့ရဲ့ လုပ်ကြံသတ်ဖြတ်မှုကနေ လွတ်မြောက်ခဲ့တဲ့ GZ Army စစ်ဦးစီး ကိုအောင်မျိုးထက်တို့ကို မေးမြန်းတင်ဆက်ထားပါတယ်။
အချုပ်ပြောရရင် အညာညီနောင် ၃ ဖော်ဖြစ်တဲ့ BNRA, GZA နဲ့ YDFတို့ ၃ဖွဲ့ရှိရာက အများသိထားတဲ့အတိုင်း BNRAကို NUG က ဖြိုချလိုက်သလို GZA ကိုလည်း တိုက်ထုတ်ခဲ့ပါတယ်။ အခုလည်း YDF ရဲ့ ရာဇဝတ်သားတွေကို MOD တပ်ရင်းတွေကပသုံးလုံးတွေက အကာအကွယ် ပေးထားပြီး YDF ပျက်စီးရာပျက်စီးကြောင်းကို နောက်ကွယ်ကနေ အားပေးနေတာကို တင်ပြလိုက်ပါတယ်။ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာ အချိန်က ဆုံးဖြတ်ပေးသွားမယ်လို့ ယုံကြည်ပါတယ်။
ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့







