ဧပြီလ (၂)ရက်။
ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က စစ်ကော်မရှင်ရဲ့ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ စကမရဲ့ မိတ္ထီလာ ရှမ်းတဲဌာနချုပ်ထဲကို ရှော့တိုက်ဒုံး (၁၀)လုံး ပစ်ခတ်ခဲ့တာမှာ (၇)လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။
အဲ့ဒီမိတ္ထီလာလေတပ်စခန်းဌာနချုပ်ထဲကို BWM ဦးဆောင်ပြီး NMD-PDF၊ Shadow(Mandalay)အဖွဲ့၊ မိုးမခတပ်ဖွဲ့(ညောင်ဦးခရိုင်ပကဖ)နဲ့ Satan အဖွဲ့တို့က တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
လေတပ်စခန်းဌာနချုပ်ကို ၁၀၇မမ ရှော့တိုက်ဒုံး (၁၀)လုံး ပစ်ခတ်ခဲ့ရာ (၇)လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပြီး ထိခိုက်တဲ့အခြေအနေကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
အဲ့ဒီဌာနချုပ်ဟာ တနိုင်ငံလုံးရဲ့ လေသူရဲကို မွေးဖွားပေးတဲ့နေရာဖြစ်တဲ့အပြင် လေတပ်စခန်းတွေရဲ့ အဓိကခေါင်ချုပ် လေတပ်ဌာနချုပ်လို့ ရေးသားထားပါတယ်။
နောက်ပြီး စစ်ရှုံးစစ်ကောင်စီရဲ့ တပ်တော်ဝင် လေယာဉ်တွေထားရှိတဲ့ လေတပ်စခန်းဖြစ်တာကြောင့် ပစ်မရအောင် မြေပြင်လုံခြုံရေး အထပ်ထပ်ချထားတဲ့ကြားက လျှပ်တပြတ် ထိုးဖောက် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ BWM က ပြောဆိုထားပါတယ်။
ဒါ့အပြင် အတွင်းသတင်းပေး အကူအညီကြောင့်လဲ ဒီကနေ့ စစ်ဆင်ရေးကို ဘေးအန္တရာယ်ကင်းစွာ ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပြီး အားဖြည့်ပါဝင်တဲ့ တောင်သာပလဖနဲ့ နယ်မြေခံအဖွဲ့တို့ကို အထူးကျေးဇူးတင်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








