ဧပြီလ (၂)ရက်။
ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တွေ့ဆုံပွဲမှာ အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက တော်လှန်ရေးနဲ့ ပြည်သူလူထုကို မထိခိုက်စေတဲ့ နည်းလမ်းတွေနဲ့ အမြန်ဆုံးပြေလည်အောင်ဆောင်ရွက်နိုင်ကြဖို့ ရင်းနှီးပွင့်လင်းစွာ အလေးထားဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အခုလို မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို နားလည်မှုလွဲစေနိုင်တဲ့၊ အကြမ်းဖက်စစ်တပ် အကြိုက်တွေ့စေမယ့် ရေးသားတာတွေ၊ ထုတ်ပြန်တာတွေကို မပြုလုပ်ကြဖို့နဲ့ ပြဿနာကို ပိုမိုကြီးထွားစေတဲ့ ဆောင်ရွက်ချက်တွေကို ထိန်းကျောင်းကြရန် ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး နှစ်ဖက်အကြား လုပ်ပိုင်ခွင့်အာဏာခွဲဝေရေးနဲ့ ဆက်နွယ်နေတဲ့ ကိစ္စရပ်တွေဖြစ်တာကြောင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အတူတည်ဆောက်နိုင်ဖို့ ဦးတည်ချက်နံ့ အဆင်ပြေမှုရရှိတဲ့အထိ စဉ်ဆက်မပြတ် ဆက်လက်ညှိနှိုင်းဆွေးနွေးသွားဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတွေ့ဆုံပွဲကို NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေအပြင် မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်၊ ဒုဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်၊ လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌ နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။








