ဧပြီလ (၂)ရက်။
စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ကျန်တဲ့ (၄၀၀၀)နီးပါးအတွက် ကျူးလွန်တဲ့ အဖွဲ့တွေကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ကောက်ယူထားတဲ့ စာရင်းတွေမှာ တိုင်းနဲ့ပြည်နယ်အလိုက်ယှဉ်ကြည့်ရင် စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း (၇၈၈၉၆)လုံး ဆုံးရှုံးခဲ့ရပြီး (၆၃)ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ အရပ်သားနေအိမ်ပေါင်း (၄၆၄၃၂)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မကွေး၊ မန္တလေးနဲ့ ရခိုင်တို့မှာ ထိခိုက်ပျက်စီးတာ သိသိသာသာ များပြားတာ တွေ့ရတယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး အဲ့ဒီကာလထဲ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား စစ်ရေးပဋိပက္ခတွေ ပြင်းထန်လာခဲ့သလို တော်လှန်ရေးအဖွဲ့တွေကလဲ ပျူစောထီးရွာတွေကို တိုက်ခိုက်မီးရှို့တာတွေ ရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ ရွေးကောက်ပွဲကာလတွေမှာ တိုင်းနဲ့ပြည်နယ် (၆)ခုက ကျေးရွာပေါင်း (၈၉)ရွာက အရပ်သားနေအိမ်ပေါင်း (၄၇၄၈)လုံး ဖျက်ဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








