စစ်တပ်ဘက်က ထိခိုက်တာတွေရှိပြီး ဒရုန်းတစင်း သိမ်းဆည်းရမိခဲ့တယ်လို့ PLA ထုတ်ပြန်
ဧပြီလ (၉)ရက်။
ဧပြီလ (၁)ရက်နေ့ကစပြီး ရမည်းသင်းမြို့ကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အဲ့ဒီစစ်ကြောင်းက အင်အား (၃၀)လောက်နဲ့ မတ်လ (၃၀)ရက်နေ့ကစပြီး လွှစင်ရွာကနေ ထွက်လာတာ။ အဲ့ဒါကို မြို့သစ်နဲ့ နတ်မောက်မြို့နယ်ကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
ရမည်းသင်းမြို့ လွှစင်ရွာကနေ အင်အား (၃၀)နဲ့ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို မကွေးတိုင်း မြို့သစ်မြို့နဲ့ နတ်မောက်မြို့ကြားမှာ PLA က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲဟာ မိနစ်(၃၀)ခန့် ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်က အနည်းဆုံး (၃)ဦး ဒဏ်ရာရခဲ့သလို ဧပြီလ (၃)ရက်မှာ ထပ်မံ တိုက်ခိုက်ခဲ့တာကြောင့် (၂)ဦးနဲ့အထက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး ဧပြီလ (၇)ရက်နေ့ တိုက်ပွဲထဲ စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ အဲ့ဒီဒရုန်းကို PLA က ပစ်ချနိုင်ခဲ့ကာ သိမ်းဆည်းရမိခဲ့တယ်လို့လဲ ပြောဆိုထားပါတယ်။
ရမည်းသင်းဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို PLA က (၈)ရက်ကြာ ကြားဖြတ်တိုက်ခိုက်ခဲ့ကာ စစ်တပ်ဆီက ဒရုန်းတစင်း၊ ဆေးဝါးအချို့၊ ခဲယမ်းအနည်းငယ်နဲ့ စစ်အသုံးအဆောင်အချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








