ဧပြီလ (၁၀)ရက်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ကျန်းမာဘေးကင်းစေဖို့ ဆုတောင်းမေတ္တာပို့သတဲ့ လှုပ်ရှားမှု ပြုလုပ်မယ်လို့ NLD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီလှုပ်ရှားမှုဟာ လာမယ့် နှစ်ဆန်းတရက်နေ့ နှစ်သစ်ကူးအချိန်မှာ နှစ်သစ်ကူးဆုတောင်းတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နိုင်ငံသားတွေအတွက် ဆုတောင်းမေတ္တာပို့သတာလို့ ဆိုပါတယ်။
ဆုတောင်းမေတ္တာပို့သတာကို တနိုင်ငံလုံးရှိ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ကြဖို့ NLD ရဲ့ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့က တိုက်တွန်းနှိုးဆော်ထားပါတယ်။
လှုပ်ရှားမှုထဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေ ကျန်းမာစေဖို့၊ အမြန်ဆုံး လွတ်မြောက်စေဖို့နဲ့ နိုင်ငံသူ/သားတွေ ကျန်းမာစေဖို့ စတဲ့ ဆုတောင်းစကားတွေ ပြုလုပ်ဖို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဆုတောင်းတာကို သပြေပန်း၊ နှင်းဆီပန်း ဒါမှမဟုတ် ကြိုက်နှစ်သက်တဲ့ပန်းတွေ ကိုင်ဆောင်တာနဲ့ ပန်းဆင်ပြီး တစ်မိနစ်ခန့် ဆုတောင်းတဲ့ ရုပ်သံဖိုင်ကို ပြုလုပ်ကာ လုံခြုံရေးပေါ် မူတည်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြပေးဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။








