ဧပြီလ (၁၁)ရက်။
အခုနှစ်နဲ့ ၂၀၂၇ခုနှစ် မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ AA တပ်မမှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က (၁၇)နှစ်မြောက် အာရက္ခတပ်တော်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အခုကာလဟာ စစ်ပွဲကာလဖြစ်ပြီး အဘက်ဘက်က အခက်အခဲပေါင်းစုံနဲ့ ဖြတ်သန်းနေရပြီး စစ်ကောင်စီက တိုက်ပွဲမှာ လက်နက်ကိရိယာ နည်းပညာတွေ သာလွန်ပေမယ့် သတ္တိ၊ ခွန်အား၊ စိတ်ဓါတ်၊ နည်းပရိယာယ် ဉာဏ်ပညာတို့ကို မယှဉ်ပြိုင်နိုင်ဘဲ အပြစ်မဲ့ပြည်သူတွေကို လေကြောင်းက သူရဲဘောကြောင်စွာ တိုက်ခိုက်သတ်ဖြတ်နေတယ်လို့ ဆိုပါတယ်။
ဒီလို ပြည်သူတွေကို လေကြောင်းအန္တရာယ်ကနေ လုံလောက်အောင် ကာကွယ်နိုင်ဖို့ နည်းပညာနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ လက်လှမ်းမမီနိုင်တဲ့ ကာလကို ဖြတ်သန်းနေရကာ နေ့တိုင်း ကြံဆကြိုးစားနေတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းအကြမ်းဖက်တိုက်ခိုက်တာကြောင့် သေဆုံးခဲ့တဲ့ ပြည်သူတွေ တရားမျှတမှုရရှိအောင် ကြိုးစားဖို့နဲ့ အဲ့ဒီလိုကြိုးစားရာမှာ မရေရာတဲ့ နိုင်ငံတကာတရားရေးဆိုတာထက် ပိုမိုလက်တွေ့ကျတဲ့ ကိုယ့်အင်အားကိုကိုယ် ဗဟိုပြုတည်ဆောက်ပြီး ပြင်းပြင်းထန်ထန် လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အင်အားရှိမှ တရားမျှတမှုတွေကို ရရှိနိုင်တာကြောင့် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့၊ စွန့်စားစရာတွေကို လက်တွဲညီညာစွာ စွန့်စားကြဖို့၊ တိုက်စရာရှိတာကို အဆုံးထိတိုက်ကြဖို့ သူက အသိပေးနှိုးဆော်ထားပါတယ်။
ဒါ့ကြောင့် လက်ကျန်အဆုံးအဖြတ်တိုက်ပွဲကို ၂၀၂၇ခုနှစ် မကုန်ခင် လက်စသိမ်း အောင်ပွဲခံပြီး ယုံကြည်ချက်နဲ့အညီ လုပ်စရာရှိတာ ဆက်လုပ်ဖို့အပြင် အဲ့ဒီကာလမှာ မပြီးဆုံးသေးရင်လဲ မိုးဆုံးမြေဆုံး ချီတက်ဖို့ ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။








