CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၃၀ရက်
အီရန်စစ်ပွဲအတွက် ယနေ့အထိ စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ ၂၅ ဘီလီယံရှိကြောင်း ပင်တဂွန်အဆင့်မြင့်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်အမတ်များအား ပြောကြားခဲ့သည့် ကိန်းဂဏန်းမှာ အမှန်တကယ်ထက် လျှော့တွက်ထားခြင်းဖြစ်ပြီး၊ ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများ၏ ဆိုးရွားသောပျက်စီးမှုများအတွက် ပြုပြင်စရိတ်များ မပါဝင်ကြောင်း အကြောင်းအရာနှင့် နီးစပ်သူသုံးဦးက CNN သို့ ပြောကြားခဲ့သည်။
အမေရိကန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးနှင့် ပျက်စီး သွားသော ပိုင်ဆိုင်မှုများ အစားထိုးရေး ကုန်ကျစရိတ်များကိုပါ ထည့်သွင်းတွက်ချက်မည် ဆိုပါက အမှန်တကယ် ကုန်ကျစရိတ်မှာ ဒေါ်လာ ၄၀ ဘီလီယံမှ ၅၀ ဘီလီယံကြားတွင် ရှိနိုင်ကြောင်း သတင်းရင်းမြစ်တစ်ခုက ဆိုသည်။
စစ်ပွဲအစောပိုင်းရက်များအတွင်း ပါရှန်းပင်လယ်ကွေ့တစ်လျှောက် အီရန်၏ တိုက်ခိုက်မှု များကြောင့် ၄၈ နာရီအတွင်း ဘာရိန်း၊ ကူဝိတ်၊ အီရတ်၊ ယူအေအီးနှင့် ကာတာနိုင်ငံတို့ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာနေရာ အနည်းဆုံး ၉ ခုခန့် သိသိသာသာ ပျက်စီးခဲ့ကြောင်း CNN က သတင်းထုတ်ပြန်ခဲ့သည်။
အရှေ့အလယ်ပိုင်းတစ်လွှားရှိ အရေးပါသော အမေရိကန် ရေဒါစနစ်များနှင့် အခြားစက် ကိရိယာအချို့လည်း အီရန်၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားပုံရပြီး၊ ယင်းတို့အထဲတွင် ဂျော်ဒန်နိုင်ငံရှိ THAAD ဒုံးခွဲကာစနစ်အတွက် ရေဒါစနစ်တစ်ခုနှင့် ယူအေအီးနိုင်ငံရှိ နေရာ နှစ်ခုမှ အလားတူ ရေဒါစနစ်များထားရှိရာ အဆောက်အအုံများ ပါဝင်ကြောင်း CNN က ဖော်ပြထားသည်။ ဆော်ဒီအာရေးဗီးယား လေတပ်အခြေစိုက်စခန်းတစ်ခုသို့ အီရန်၏ တိုက်ခိုက်မှုအတွင်း အမေရိကန်လေတပ်မှ E-3 Sentry လေယာဉ်တစ်စင်းလည်း ပျက်စီး သွားခဲ့သည်။
လက်ရှိတွင် ပင်တဂွန်၏ ငွေစာရင်းထိန်းချုပ်ရေးအရာရှိ (Comptroller) အဖြစ် တာဝန် ယူထားသူ ဂျူးလ် ဂျေ ဟတ်စ် ( Jules “Jay” Hurst III) က ၎င်းဖော်ပြခဲ့သည့် ဒေါ်လာ ၂၅ ဘီလီယံ၏ “ အများစု” မှာ ခဲယမ်းမီးကျောက်များအတွက် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီတွင် ပြောကြား ခဲ့သည်။ ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ်(Pete Hegseth) ကမူ ထိုကိန်းဂဏန်းတွင် အမေရိကန်အခြေစိုက်စခန်းများ၏ ပျက်စီးမှု ပြုပြင်စရိတ်များ ပါဝင်ခြင်း ရှိ၊ မရှိကို ဖြေကြားရန် ငြင်းဆိုခဲ့သည်။
CNN မှ မှတ်ချက်ပေးရန် တောင်းဆိုချက်အပေါ် ပင်တဂွန်က တုံ့ပြန်ခြင်း မရှိသေးပေ။
ဒီမိုကရက်တစ်လွှတ်တော်အမတ် ရိုခန်နာ(Ro Khanna) က ဒေါ်လာ ၂၅ ဘီလီယံ ခန့်မှန်းချက် အပေါ် သံသယရှိနေပြီး ဗုဒ္ဓဟူးနေ့ ကြားနာပွဲအတွင်း ယင်းသည် “ လုံးဝ လွဲမှားနေသည်” ဟု ပြောကြားခဲ့သည်။ ပင်တဂွန်အရာရှိများသည် စစ်ပွဲ၏ ပထမ ၆ ရက်အတွင်းမှာတင် ကုန်ကျ စရိတ်မှာ ဒေါ်လာ ၁၁ ဘီလီယံခန့် ရှိခဲ့ကြောင်း လွှတ်တော်သို့ ယခင်က ပြောကြားခဲ့ဖူးပြီး၊ လက်ရှိဖြစ်ပွားနေသော စစ်ပွဲအတွက် ထပ်ဆောင်းစစ်ရေးရန်ပုံငွေ ဒေါ်လာ ၂၀၀ ဘီလီယံ ကျော်ကို အတည်ပြုပေးရန် ပြီးခဲ့သည့်လက အိမ်ဖြူတော်သို့ တောင်းဆိုခဲ့ကြောင်း CNN က သတင်းဖော်ပြခဲ့သည်။
ပြီးခဲ့သည့်အပတ်က သတင်းထောက်များအတွက် ပြုလုပ်သော ဘတ်ဂျက်ရှင်းလင်းပွဲတွင် ဂျူးလ် ဂျေ ဟတ်စ် က ပင်တဂွန်အနေဖြင့် “ ပြည်ပရှိ ကျွန်ုပ်တို့၏ အဆောက်အအုံများ ပျက်စီးမှုအတွက် နောက်ဆုံးကိန်းဂဏန်း မရရှိသေးကြောင်း” နှင့် ၎င်းသည် “ ကျွန်ုပ်တို့ မည်သို့ပြန်လည်တည်ဆောက်ရန် ဆုံးဖြတ်ချက်ချသည် သို့မဟုတ် တည်ဆောက်မည် မတည်ဆောက်မည်အပေါ်တွင် မူတည်ကြောင်း” ပြောကြားခဲ့သည်။
ထိုအဆောက်အအုံများကို ပြုပြင်ရန် ကုန်ကျစရိတ်မှာ ပင်တဂွန်၏ ၂၀၂၇ ဘဏ္ဍာနှစ်အတွက် ဒေါ်လာ ၁.၅ ထရီလီယံ ဘတ်ဂျက်တောင်းခံမှုတွင် “ ထည့်သွင်းဖော်ပြထားခြင်း မရှိကြောင်း” ၎င်းက မှတ်ချက်ပြုခဲ့သည်။ အကြောင်းမှာ ဝန်ကြီးဌာနအနေဖြင့် “ နောင်တွင် အဘယ်အရာကို တည်ဆောက်လိုသနည်း” ဆိုသည်ကို ဆုံးဖြတ်ရမည့် ဆဲဆဲဆဲဖြစ်နေသောကြောင့် ဖြစ်သည်။
“ ကျွန်ုပ်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေကလည်း အဲဒီတည်ဆောက်ရေးအတွက် ဝေစုထည့်ဝင်နိုင်ခြေ ရှိပါတယ်” ဟု ဂျူးလ် ဂျေ ဟတ်စ် က ဆိုသည်။ “ ဒါကြောင့် အဲဒီအဆောက်အအုံတွေကို ပြန်လည်ဖွဲ့စည်းဖို့ ဘယ်လောက်ကုန်မလဲဆိုတာ ကျွန်တော်တို့မှာ တိကျတဲ့ ခန့်မှန်းချက် မရှိသေးပါဘူး။”
၂၀၂၇ ခုနှစ်အတွက် တောင်းဆိုထားသော ဒေါ်လာ ၁.၅ ထရီလီယံ ဘတ်ဂျက်မှာ ကာကွယ်ရေး ဝန်ကြီးဌာန၏ ရန်ပုံငွေတွင် ၄၂% တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း အရာရှိများက ပြီးခဲ့သည့် အပတ်တွင် ပြောကြားခဲ့သည်။

ဝါရှင်တန်ဒီစီရှိ ပင်တဂွန်စစ်ဌာနချုပ်ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်၊ အင်္ဂါနေ့တွင် လေယာဉ်ပေါ်မှ မြင်တွေ့ရစဉ်။ Julia Demaree Nikhinson/AP (ဓါတ်ပုံ)

လက်ထောက်ကာကွယ်ရေးဝန်ကြီး (ငွေစာရင်းထိန်းချုပ်ရေး)/ဘဏ္ဍာရေးအရာရှိချုပ် ဂျူးလ် ဂျေ ဟတ်စ် သည် ဝါရှင်တန်ဒီစီရှိ Capitol Hill ၌ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ကျင်းပသော ၂၀၂၇ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာန၏ ဘတ်ဂျက်တောင်းခံမှု ဆိုင်ရာ အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များ ကော်မတီ ကြားနာပွဲသို့ ရောက်ရှိလာစဉ်။ Kylie Cooper/Reuters(ဓါတ်ပုံ)







