CNN- ၂၀၂၆ခုနှစ်၊ မေလ(၂)ရက်
ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) က အမေရိကန်၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့် ဆုံးဖြတ်ချက်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်သည်ဟု ပြောကြားလိုက်သည်။
လာမည့်နှစ်အတွင်း ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင် ၅,၀၀၀ ခန့်ကို ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က မနေ့က ကြေညာခဲ့သည်။
“ ဥရောပမှာ၊ အထူးသဖြင့် ဂျာမနီနိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ရှိနေတာဟာ အမေရိကန်ရော ကျွန်တော်တို့အတွက်ပါ အကျိုးစီးပွားချင်း ဆက်စပ်နေပါတယ်” ဟု ပစ္စတိုးရီးယပ်စ်က CNN သို့ ပေးပို့သည့် ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ယနေ့ ပြောကြားခဲ့သည်။
“ ဂျာမနီအပါအဝင် ဥရောပကနေ အမေရိကန်တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းနိုင်တယ်ဆိုတာ ကြိုတင်မျှော်လင့်ထားပြီးသားပါ။ နောက်ဆုံးရသတင်းတွေအရ ဂျာမနီမှာ အခြေစိုက်ထားတဲ့ စုစုပေါင်း အမေရိကန်စစ်သည် ၄၀,၀၀၀ နီးပါးထဲကမှ ၅,၀၀၀ ကို ရုပ်သိမ်းမှာ ဖြစ်ပါတယ်။”
ဥရောပအနေဖြင့် မိမိတို့၏ လုံခြုံရေးအတွက် ကိုယ်တိုင် ပိုမိုတာဝန်ယူရန် လိုအပ်ကြောင်း ပစ္စတိုးရီးယပ်စ်က အလေးပေးပြောကြားခဲ့ပြီး ဂျာမနီနိုင်ငံသည် ဤလမ်းကြောင်းပေါ်တွင် “ မှန်ကန်စွာ လျှောက်လှမ်းနေသည်” ဟု ဆိုသည်။
အမေရိကန်သည် အီရန်၏ “ အရှက်ခွဲခြင်း” ကို ခံနေရသည်ဟု ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ် မာ့ဇ် (Friedrich Merz) က ပြောကြားပြီးနောက်၊ ယခုရက်သတ္တပတ် အစောပိုင်းတွင် သမ္မတ ဒေါ်နယ်ထရန့်က တပ်ဖွဲ့ဝင်များ လျှော့ချမည့်အရေးကို အရိပ်အမြွက် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထရန့်က ၎င်း၏ ဂျာမနီနိုင်ငံသား ရာထူးတူပုဂ္ဂိုလ်သည် အီရန်အရေးနှင့် ပတ်သက်၍ “ ဘာအကြောင်းမှ နားမလည်ဘဲ ပြောနေခြင်းဖြစ်သည်” ဟု တုံ့ပြန်ခဲ့ပြီး၊ နောက်တစ်နေ့တွင် တပ်ဖွဲ့ဝင်များ လျှော့ချနိုင်ခြေကို “ လေ့လာသုံးသပ်နေကြောင်း” ကြေညာခဲ့သည်။

ဧပြီလ ၃၀ ရက်၊ ကြာသပတေးနေ့က ဂျာမနီနိုင်ငံ၊ ဟိုဟမ်ဖဲလ်စ် (Hohenfels) ရှိ အမေရိကန် စစ်ရေးလေ့ကျင့်ရေးနယ်မြေတွင် ပြုလုပ်သည့် Combined Resolve “ Greywolves” စစ်ရေးလေ့ကျင့်မှုအတွင်း ပုံတူဖော်ဆောင်ထားသော ကျေးရွာတစ်ခုအတွင်းရှိ အမေရိကန် တပ်မတော်သားများ။ (ဓာတ်ပုံ – Alex Kraus/Bloomberg/ Getty Images)







