မေလ (၅)ရက်။
ပဲခူးတိုင်းစစ်ဌာနနယ်မြေထဲ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အဖွဲ့ ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ် လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
အမှတ်(၂)စစ်ဆင်ရေးနယ်မြေဖြစ်တဲ့ ပဲခူးတိုင်းစစ်ဌာနကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အတူ ပြည်ထဲရေးနဲ့ လဝကဝန်ကြီး ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်နဲ့ ဦးမင်းကိုနိုင်တို့ သွားရောက်ခဲ့ကြတာလို့ ဆိုပါတယ်။
ခရီးစဉ်ထဲ အမှတ်(၂)စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးနဲ့ တိုင်းစစ်ဌာနတာဝန်ရှိသူတွေက စစ်တောင်းတဝှမ်း စစ်ဆင်ရေးအခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီနောက် ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ပဲခူးတိုင်းစစ်ဌာနထဲ လှည့်လည်ကြည့်ရှုခဲ့ကြပြီး ပြည်သူတွေအပါအဝင် PDF တွေနဲ့ တွေ့ဆုံခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
NUG ဟာ ပြည်ပကနေသာ လုပ်ကိုင်နေတယ်လို့ ဝေဖန်တာတွေရှိပေမယ့် အခုအခါ မြေပြင်မှာ ရဲဘော်တွေနဲ့အတူ တသားထဲရှိနေတာကို ပြသတာဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ အရင်ကထဲက ရှေ့တန်းစစ်မြေပြင်တွေကို သွားရောက်ပြီး PDF တွေနဲ့ တွေ့ဆုံတာ၊ သင်တန်းဆင်းပွဲတွေနဲ့ လက်နက်တပ်ဆင်တဲ့ အခမ်းအနားတွေကို တက်ရောက်တာတွေရှိပါတယ်။
အခုလို NUG ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ပဲခူးတိုင်းစစ်ဌာနနယ်မြေထဲ ကွင်းဆင်းစစ်ဆေးတာကို ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ရုပ်သံဖိုင်နဲ့ ကနဦး ထွက်ပေါ်လာတာဖြစ်တယ်လို့လဲ သိရပါတယ်။











