မေလ (၅)ရက်။
မနေ့က နေပြည်တော်မှာ အိန္ဒိယရေတပ်ဦးစီးချုပ် ဦးဆောင်တဲ့အဖွဲ့နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခန့် တပ်ချုပ် ရဲဝင်းဦးတို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
တွေ့ဆုံပွဲမှာ နှစ်နိုင်ငံ စစ်တပ်တွေအကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ တိုးမြှင့်ဖို့နဲ့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ အပြန်အလှန် လည်ပတ်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှု၊ သင်တန်းသားတွေ စေလွှတ်ဖို့နဲ့ နှစ်နိုင်ငံရေတပ်တွေအကြား ပူးပေါင်းစစ်ရေးလေ့ကျင့်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးဆိုင်ရာကိစ္စတွေ တိုးမြှင့်ဆောင်ရွက်ဖို့နဲ့ နယ်စပ်ဒေသထဲ အကြမ်းဖက်တာတွေ မရှိစေဖို့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
တွေ့ဆုံပွဲထဲ ရဲဝင်းဦးက မြန်မာမှာ ရွေးကောက်ပွဲ ပြီးမြောက်ကာ အစိုးရအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်နဲ့ ဆက်လက်လျှောက်လှမ်းမယ့်အကြောင်း ပြောဆိုခဲ့ပါတယ်။
မင်းအောင်လှိုင်ခန့် တပ်ချုပ် ရဲဝင်းဦးက အဲ့ဒီလိုပြောဆိုရာမှာ ရွေးကောက်ပွဲဟာ တရားမျှတပြီး သိက္ခာရှိတဲ့ ရွေးကောက်ပွဲလို့ ပြောဆိုခဲ့သလို ပြည်သူကို ကိုယ်စားပြုတဲ့ အစိုးရဆိုကာ သုံးနှုန်းခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








