CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၀ရက်
အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အကြား ဆွေးနွေးပွဲများသည် အရေးပါသော အဆင့်သို့ ရောက်ရှိလာချိန်တွင်၊ သြဇာညောင်းသည့် သဘောထားတင်းမာသော အဖွဲ့ငယ်တစ်ခုသည် ဝါရှင်တန်နှင့် ဖြစ်ပေါ်လာနိုင်သော သဘောတူညီချက်ကို နှောင့်ယှက်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။ ၎င်းလုပ်ရပ်များသည် အစ္စလာမ္မစ်သမ္မတနိုင်ငံအတွင်း အကွဲအပြဲများရှိနေသည်ဟူသော သမ္မတ ဒေါ်နယ်ထရန့်၏ ပြောဆိုချက်များကို ပိုမိုခိုင်မာစေ သကဲ့သို့ ဖြစ်နေသည်။
အဆိုပါအဖွဲ့သည် ၂၀၁၅ ခုနှစ်က အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား ချုပ်ဆိုခဲ့သော နျူကလီးယားသဘောတူညီချက်မှာ အမှားအယွင်းတစ်ခုဖြစ်သည်ဟူသော ထရန့်၏ အမြင်ကို လက်ခံထားကြသော်လည်း အကြောင်းပြချက်ချင်းမူ ကွဲပြားကြသည်။ ၎င်းတို့၏ ရပ်တည် ချက်များသည် အနောက်အုပ်စုအပေါ် အလွန်အမင်း ရန်လိုလွန်းလှသဖြင့် အီရန်၏ သမရိုးကျ သဘောထားတင်းမာသူများ၏ စံနှုန်းနှင့်ပင် လွန်ကွဲနေပြီး အစိုးရ၏ ၎င်းတို့ကို စည်းရုံး သိမ်းသွင်းရန် ကြိုးပမ်းမှုများမှာ ယခုအချိန်အထိ မအောင်မြင်သေးပေ။
အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ ခေါင်းဆောင်သစ်များက ၎င်းတို့၏ တည်ရှိမှုကို ခြိမ်းခြောက် နေသော အကြီးမားဆုံးသော ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် ညီညွတ်မှုကို ပြသရန် ကြိုးစားနေသော်လည်း၊ ဤအစွန်းရောက်အုပ်စုသည် မီဒီယာများ၊ လွှတ်တော်နှင့် လမ်းမများ ပေါ်တွင် အမေရိကန်နှင့် သဘောတူညီချက်မရယူရေးအတွက် ပိုမိုလှုံ့ဆော်လာကြသည်။ ဝါရှင်တန်ကို အနိုင်ယူခြင်းဖြင့်သာ အီရန်အတွက် အကျိုးရှိမည့် သဘောတူညီချက်ကို ရရှိ နိုင်မည်ဟု ၎င်းတို့က ငြင်းခုံကြသည်။
ဂျက်ဘ်ဟီ ရီပေဒါရီ(“Jebhe-ye Paydari”) သို့မဟုတ် “ခံနိုင်ရည်ရှိခြင်းတပ်ဦး” (Endurance Front) ဟု လူသိများသော ၎င်းတို့အဖွဲ့ဝင်များကို လေ့လာစောင့်ကြည့်သူများက “တော်လှန် ရေးသမား အစွန်းရောက်များ” (Super Revolutionaries) ဟု ဖော်ပြလေ့ရှိကြသည်။
၎င်းတို့သည် မိမိကိုယ်ကိုယ် ရှီအာ အစ္စလာမ္မစ် ဝါဒကို အခြေခံသည့် အာဏာရှင်အစိုးရကို မထူထောင်မီ အနောက်တိုင်းလိုလားသော ရှားဘုရင် (Shah) ကို ဖြုတ်ချခဲ့သည့် ၁၉၇၉ တော်လှန်ရေး၏ တန်ဖိုးများကို စောင့်ရှောက်သူများအဖြစ် ရှုမြင်ကြသည်။
“သူတို့က အမေရိကန်နဲ့ အစ္စရေးကို ဆန့်ကျင်တိုက်ခိုက်တာဟာ ထာဝရစစ်ပွဲလို့ မြင်ထား ကြတယ်” ဟု ဂျာမန်နိုင်ငံတကာနှင့် လုံခြုံရေးရေးရာ အဖွဲ့အစည်းမှ ဧည့်သည်တော် သုတေသီ Hamidreza Azizi က CNN သို့ ပြောကြားခဲ့သည်။ “သူတို့က ကမ္ဘာပျက်တဲ့အထိ တည်ရှိ နေမယ့် ရှီအာနိုင်ငံတော်ကို ယုံကြည်ကြပြီး အဲဒီဘာသာရေးအယူဝါဒနဲ့ ပတ်သက်လာရင် တော်တော်လေးကို အစွန်းရောက်ကြပါတယ်”
ပြီးခဲ့သည့် နှစ်လအတွင်း အမေရိကန်နှင့် ပြန်လည်သင့်မြတ်ရေးကို အကျယ်လောင်ဆုံး ကန့်ကွက်နေသည့် အင်အားစုအဖြစ် ဤအဖွဲ့ ပေါ်ထွက်လာခြင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ လကုန်၊ စစ်ပွဲစတင်သည့် ပထမဆုံးနေ့တွင် ခေါင်းဆောင်ဟောင်း အလီ ခါမေနီ သတ်ဖြတ် ခံရပြီးနောက် ဖြစ်ပေါ်လာမည့် အီရန်၏ အာဏာလွန်ဆွဲပွဲများကို အရိပ်အမြွက် မြင်တွေ့ စေပါသည်။ တီဟီရန်သည် အရေးပါသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေစဉ်အတွင်း ဤဆွေးနွေးပွဲရလဒ်သည် အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ နောက်ထပ်အဆင့်တွင် မည်သည့် အုပ်စုက အာဏာရယူမည်ကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။
ပြီးခဲ့သည့်လအတွင်း အီရန်အရာရှိများသည် ထရန့်နှင့် ဆွေးနွေးမှုများကို ဂရုတစိုက် လုပ်ဆောင်ရင်း တစ်ဖက်တွင်လည်း Paydari အဖွဲ့အပါအဝင် နိုင်ငံအတွင်းရှိ ဩဇာ ကြီးမားသော အုပ်စုများကို စည်းရုံးရန် ကြိုးပမ်းခဲ့ကြသည်။ ပြီးခဲ့သည့်လက ပါကစ္စတန်တွင် ပြုလုပ်သော အမေရိကန်နှင့် ဆွေးနွေးပွဲများ၌ အဆိုပါအဖွဲ့ဝင်များကို ထည့်သွင်းခဲ့ခြင်းသည် တီဟီရန်အနေဖြင့် ပြည်တွင်းညီညွတ်မှုကို ပြသရန် ကြိုးစားခြင်းဖြစ်ကြောင်း ညွှန်ပြနေသည်။
သို့သော်လည်း အဆိုပါအဖွဲ့သည် ဆွေးနွေးပွဲ ကိုယ်စားလှယ်များအပေါ် ဝေဖန်မှုများကို ပြည်တွင်း၌ ပိုမိုကျယ်လောင်စွာ ပြုလုပ်လာခဲ့သည်။ ထိုလုပ်ရပ်များသည်ပင် ပြီးခဲ့သည့်လက အီရန်ခေါင်းဆောင်ပိုင်းကို “ပြိုကွဲနေသည်” နှင့် “ရှုပ်ထွေးပွေလီနေသည်” ဟု ထရန့်က ဖော်ပြရသည့် အကြောင်းရင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုကြသည်။
ခေါင်းဆောင်သစ် မော့ဂျ်တာဘာ ခါမေနီ အပါအဝင် အီရန်ခေါင်းဆောင်များသည် ထရန့်၏ ပြောဆိုချက်အပြီးတွင် ညီညွတ်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသော်လည်း အစွန်းရောက်အုပ်စုမှာမူ ဆွေးနွေးပွဲ ကိုယ်စားလှယ်များသည် အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် သစ္စာမရှိကြောင်းနှင့် အီရန်၏ နျူကလီးယားအစီအစဉ် ဆွေးနွေးခြင်းအပါအဝင် ခါမေနီ သတ်မှတ်ထားသော စည်းများကို ဖောက်ဖျက်နေကြောင်း စွပ်စွဲကာ အကွဲအပြဲများကို ဆက်လက်ဖန်တီးနေသည်။
အုပ်စုအတွင်းရှိ လူအများစုမှာ အမေရိကန်နှင့် သဘောတူညီချက်ရယူရန် စဉ်းစားခြင်းကိုပင် အရှုံးပေးခြင်း (Capitulation) အဖြစ် ရှုမြင်ကြသည်။
“ငါတို့ရဲ့ ခေါင်းဆောင်တွေ၊ တပ်မှူးတွေနဲ့ ချစ်ရသူတွေကို သတ်ဖြတ်တာဟာ သူတို့ (အမေရိကန်) အတွက် ဘာမှ ကုန်ကျစရိတ်မရှိဘူးဆိုတာ သူတို့ သိသွားကြပြီ” ဟု Paydari Front ကို ကိုယ်စားပြုသည့် Raja News မှ ဆောင်းပါးတစ်ပုဒ်တွင် ဝေဖန်ရေးသားထားသည်။
“ငါတို့ရဲ့ အီမာမ် (အလီ ခါမေနီ) ကို သူတို့ သတ်ဖြတ်ခဲ့ရင်တောင်မှ ဒီမှာ စတိ့ဗ် ဝတ်ကော့ဖ် ဂျေီုဗန့်စ် နဲ့ဂျဲရတ်ကွပ်ရှနာ တို့လို လူမျိုးတွေနဲ့ လက်ဆွဲနှုတ်ဆက်ဖို့၊ ဆွေးနွေးဖို့နဲ့ ငါတို့ အီမာမ်ကို သတ်တဲ့လူတွေကို ပြုံးပြဖို့ အဆင်သင့်ရှိနေတဲ့ အုပ်စုတွေ ရှိနေသေးတယ်ဆိုတာ သူတို့ နားလည်သွားကြပြီ”
ဤအဖွဲ့သည် အလွန်အမင်း အစွန်းရောက်လွန်းသဖြင့် အီရန်၏ သမရိုးကျ သဘောထား တင်းမာသူများပင်လျှင် ၎င်းတို့ကို ဖယ်ကြဉ်ထားသော အုပ်စု (Fringe group) အဖြစ် မြင်ကြသည်။ သို့သော်လည်း “Jebhe-ye Paydari” အဖွဲ့ဝင်များသည် အီရန်၏ သြဇာအရှိဆုံး အာဏာဗဟိုချက်အချို့တွင် နေရာယူထားကြပြီး အီရန်မီဒီယာမှ အဆင့်မြင့်ပုဂ္ဂိုလ်များ၊ သမ္မတလောင်းအဖြစ် ပါဝင်ခဲ့ဖူးသော ထိပ်သီးနိုင်ငံရေးသမားများနှင့် ယခင်ခေါင်းဆောင်များ အပေါ် သြဇာညောင်းခဲ့သည့် ဘာသာရေးအာဏာပိုင်များလည်း ပါဝင်ကြသည်။
၎င်းတို့အပေါ် ထောက်ခံမှု မည်မျှရှိသည်ကို တိတိကျကျ မသိရသော်လည်း ၎င်းတို့၏ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ အမျိုးသားလုံခြုံရေး အကြီးအကဲဟောင်း ဆာအီ့ဒ် ဂျာလီလီ (Saeed Jalili)သည် ၂၀၂၁ ရွေးကောက်ပွဲတွင် မဲပေါင်း ၁၃ သန်း ရရှိကာ ဒုတိယနေရာတွင် ရှိခဲ့ဖူးသည်။ ၎င်း၏ညီဖြစ်သူ ဗာဟစ်ဒ် ဂျာလီလီ (Vahid Jalili) မှာလည်း နိုင်ငံပိုင်ရုပ်သံလိုင်း IRIB ၏ ထိပ်တန်းအရာရှိတစ်ဦး ဖြစ်သည်။
အဖွဲ့ဝင်များသည် ပြင်းထန်သော ဘာသာရေးနှင့် အယူဝါဒဆိုင်ရာ ယုံကြည်ချက်များကြောင့် အမေရိကန်နှင့် ဆွေးနွေးမှုကို ဆန့်ကျင်ကြသည်။ ၎င်းတို့က အီရန်အရာရှိများသည် “အီရန် လူမျိုးများအပေါ် ကြီးမားသော ထိခိုက်ပျက်စီးမှုများ” ဖြစ်စေမည့် ဆွေးနွေးပွဲများတွင် ပါဝင် နေခြင်းမှာ “သူရဲဘောကြောင်ခြင်း” ဖြစ်သည်ဟု စွပ်စွဲကြသည်။ ၎င်းတို့ကို ပြန်လည်ဆန့်ကျင် သူများကမူ ဤအစွန်းရောက်အုပ်စုသည် ဖြစ်ပေါ်လာနိုင်သော သဘောတူညီချက်၏ မပြည့်စုံသော အချက်အလက်များကို မီဒီယာများသို့ တမင်ပေါက်ကြားအောင် လုပ်ဆောင် နေသည် ဟု ဆိုကြသည်။
အဆိုပါအုပ်စုသည် အီရန်၏ အဓိက ညှိနှိုင်းရေးမှူး မိုဟာမက်ဘက်ဟာဂါလီဘတ်ဖ် (Mohammad Bagher Ghalibaf) ကိုလည်း လျှို့ဝှက်ပူးပေါင်းသူအဖြစ် စွပ်စွဲကာ၊ ညစဉ် လမ်းမပေါ်ရှိ လူထုလှုပ်ရှားမှုများတွင် မိန့်ခွန်းပြောကြားခြင်းဖြင့် လူထုကို လှုံ့ဆော်ရန် ကြိုးပမ်းကြပြီး အီရန်အတွင်း အကွဲအပြဲများရှိနေသည်ဟူသော ထရန့်၏ ပြောဆိုချက်များကို ပိုမိုအားကောင်းစေသည်။
အီရန်မီဒီယာများ၏ အဆိုအရ ဤအုပ်စုနှင့် ဆက်နွှယ်နေသော လွှတ်တော်ကိုယ်စားလှယ် ၇ ဦးသည် ဆွေးနွေးပွဲ ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံကြောင်း ထုတ်ပြန်ချက်တွင် လက်မှတ်ရေး ထိုးရန် ငြင်းဆန်ခဲ့ကြသည်။
အဆိုပါအုပ်စုဝင် လွှတ်တော်အမတ်တစ်ဦးဖြစ်သူ မမွတ်နာဘာဗီအန်(Mahmoud Nabavian) သည် ပြီးခဲ့သည့်လက အစ္စလာမ္မာဘတ်မြို့ရှိ အီရန်ဆွေးနွေးပွဲ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် နိုင်ငံ၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးခြင်းမှာ “မဟာဗျူဟာမြောက် အမှားအယွင်း” ဖြစ်ကြောင်း လူသိရှင်ကြား ကြေညာ ခဲ့သည်။ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရတ်ချီ (Abbas Araghchi) ကို ကိုယ်စားလှယ်အဖွဲ့မှ ဖယ်ရှားရန်လည်း တောင်းဆိုခဲ့သည်။
“အမေရိကန်ရဲ့ ကတိပျက်ဖူးတဲ့ သမိုင်းကြောင်းနဲ့ မစ္စတာ Ghalibaf ရဲ့ ဘေးမှာ အရှက်ရစရာ ကောင်းတဲ့ JCPOA (၂၀၁၅ နျူကလီးယား သဘောတူညီချက်) ကို ထောက်ခံသူတွေ ရှိနေတာကြောင့် အီရန်အတွက် အကျိုးရှိမည့် ဆွေးနွေးပွဲနဲ့ သဘောတူညီချက် ရရှိဖို့ မျှော်လင့်ချက်မရှိပါဘူး” ဟု Nabavian က ပြီးခဲ့သည့် ကြာသပတေးနေ့က X (ယခင် Twitter) ပေါ်တွင် ရေးသားခဲ့သည်။
အာဏာဗဟိုချက်သစ်တစ်ခု
ဖေဖော်ဝါရီလကုန်ပိုင်းက စတင်ခဲ့သည့် အမေရိကန်နှင့် အစ္စရေးတို့၏ ၈ ပတ်ကြာ ဗုံးကြဲ တိုက်ခိုက်မှုများအပြီးတွင်၊ ဤအုပ်စုသည် တီဟီရန်လမ်းမများပေါ်၌ လူထုလှုပ်ရှားမှုကြီးများ ပြုလုပ်ခြင်းဖြင့် ဩဇာညောင်းသော အင်အားစုတစ်ခုအဖြစ် အာဏာဗဟိုချက်သစ်တစ်ခုကို တည်ဆောက်ခဲ့သည်။ ပေဒါရီ(Paydari) အဖွဲ့ဝင်များ အပါအဝင် အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ အမာခံထောက်ခံသူ ထောင်ပေါင်းများစွာသည် နိုင်ငံ၏ ခေါင်းဆောင်သစ်များကို ဖိအား ပေးရန် လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။
၂၀၂၁ ခုနှစ်တွင် ကွယ်လွန်ခဲ့သော အဖွဲ့၏ ဝိညာဉ်ရေးရာခေါင်းဆောင် အာယာတိုလာ မိုဟာမက် တာကွီ မက်စ်ဘာ့ ယာဇဒီ (Mohammad-Taqi Mesbah-Yazdi )သည် နိုင်ငံ၏ အစွန်းရောက်ဆုံးသော ဘာသာရေးဆရာတစ်ဦးဖြစ်သည်။ သူသည် အမြင့်ဆုံးခေါင်းဆောင် ကို ရွေးချယ်ရန် တာဝန်ရှိသည့် ပညာရှင်များကောင်စီ (Assembly of Experts) ၏ အဖွဲ့ဝင် ဖြစ်ခဲ့ဖူးပြီး အီရန်၏ ရန်ပုံငွေ အထောက်အပံ့ အကောင်းဆုံး ပညာရေးအဖွဲ့အစည်းတစ်ခုကို ဦးစီးခဲ့သူဖြစ်သည်။ ၎င်း၏ တပည့်များသည် လက်ရှိတွင် ဩဇာကြီးမားသော အစိုးရဌာန များကို ဦးဆောင်နေကြသည်။
လက်ရှိ ဝိညာဉ်ရေးရာခေါင်းဆောင်မှာ အာယတိုလာမာဒီမာဘာကွီရီ( Mahdi Mirbaqiri) ဖြစ်ပြီး၊ သူသည် တစ်ချိန်က အမြင့်ဆုံးခေါင်းဆောင်ဖြစ်လာနိုင်သူအဖြစ် သတ်မှတ်ခံခဲ့ရသည့် ဩဇာကြီး ဘာသာရေးခေါင်းဆောင်တစ်ဦး ဖြစ်သည်။ သူသည် “ကမ္ဘာပျက်ကပ် အယူအဆ များ” ရှိသူဖြစ်ပြီး၊ အနောက်အုပ်စုနှင့် “ဘက်စုံပဋိပက္ခ” နှင့် “ကျယ်ပြန့်သော တိုက်ခိုက်မှုများ” ကို အားပေးခြင်းဖြင့် ကမ္ဘာပျက်မည့်အချိန်ကို မြန်ဆန်အောင် လုပ်ဆောင်လိုသူဖြစ်ကြောင်း ၂၀၁၉ ခုနှစ်က နိုင်ငံပိုင်မီဒီယာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ဖူးသည်။
အလယ်အလတ်သဘောထားရှိသော အီရန်လူမျိုးများသည် နိုင်ငံ၏အခြေအနေအပေါ် စိတ်ပျက်အားလျော့လာကြပြီး အချို့မှာ အဖမ်းခံရခြင်း၊ အချို့မှာ ပြည်ပသို့ ထွက်ခွာခြင်းများ ပြုလုပ်နေကြချိန်တွင်၊ Paydari အဖွဲ့သည် အမေရိကန်နှင့် အစ္စရေးတို့၏ ထပ်ခါတလဲလဲ တိုက်ခိုက်မှုများကြောင့် အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် ပိုမိုသစ္စာမြဲမြံလာကြသည့် “တော်လှန်ရေးသမား” အီရန်လူငယ်မျိုးဆက်သစ်များကို အသုံးချကာ အင်အားစုဆောင်း ခဲ့သည်။
“လမ်းမပေါ်က အယူဝါဒကို အခြေခံတဲ့ လူငယ်တွေကို စည်းရုံးဖို့ Paydari တွေက မြန်မြန် ဆန်ဆန်ပဲ အခွင့်အရေးယူခဲ့ကြတယ်” ဟု အာဇီဇီ (Azizi )က ဆိုသည်။ “သူတို့က (ခေါင်းဆောင်ဟောင်း) အလီ ခါမေနီ ချမှတ်ခဲ့တဲ့ အစ္စလာမ္မစ်သမ္မတနိုင်ငံရဲ့ အမွေအနှစ်ကို ဆက်ခံမယ့် ဘာသာရေးကိုင်းရှိုင်းတဲ့ တော်လှန်ရေးသမား လူငယ်မျိုးဆက်သစ်တွေအဖြစ် သူတို့ကိုယ်သူတို့ ပုံဖော်နေကြတာပါ”
ပိုမိုအထီးကျန်လာခြင်း
ဤအုပ်စု၏ သိသာထင်ရှားလာသော လှုပ်ရှားမှုများနှင့် အကွဲအပြဲဖန်တီးရန် ကြိုးပမ်းမှုများ သည် နိုင်ငံအတွင်းရှိ လူအများအပြားအတွက် သတိပေးခေါင်းလောင်းသံ ဖြစ်လာခဲ့ပြီး၊ ၎င်းတို့ကို ဖယ်ကြဉ်ရန် ကြိုးပမ်းမှုများမှာလည်း အရှိန်အဟုန် မြင့်တက်လာသည်။
အီရန်၏ နိုင်ငံရေးလောကသည် နိုင်ငံတော်မူဝါဒများနှင့် အနောက်အုပ်စုအပေါ် ထားရှိသည့် သဘောထားများအပေါ် မူတည်၍ ကာလရှည်ကြာ ကွဲပြားခဲ့သော်လည်း၊ Jebhe-ye Paydari သည် ယခုကဲ့သို့ အရေးကြီးသော အချိန်တွင် အလွန်အမင်း အကွဲအပြဲဖန်တီးသူများ ဖြစ်လာ သောကြောင့် ပြိုင်ဘက် နိုင်ငံရေးသမားများပင် ၎င်းတို့ကို ဆန့်ကျင်ရန် ပူးပေါင်းလာကြသည်။ အီရန်မီဒီယာများ၊ နိုင်ငံရေးဝေဖန်သူများနှင့် လမ်းမများပေါ်တွင်လည်း ၎င်းတို့အပေါ် ပြင်းထန် သော ဝေဖန်မှုများ ထွက်ပေါ်နေသည်။
“သူတို့ရဲ့ လုပ်ရပ်တွေက သူတို့ကိုပဲ ပြန်ထိခိုက်သွားပုံရတယ်” ဟု အီရန်နှင့် ဒေသတွင်း သတင်းများကို အဓိကထားသည့် Amwaj.media မှ အယ်ဒီတာ မိုဟာမက်အလီရှာဘာနီ (Mohammad Ali Shabani) က ပြောသည်။ “သူတို့က ဆူဆူညံညံ လုပ်နေကြပြီး အီရန်မှာ ပြည်တွင်းအကွဲအပြဲတွေ အကြီးအကျယ်ဖြစ်နေသလိုမျိုး အစ္စရေးနဲ့ အမေရိကန်ကို အကူအညီပေးနေတယ်လို့ အမြင်ခံနေရတယ်။ ဒါပေမဲ့ ဒီအစွန်းရောက်အုပ်စုငယ်ဟာ ဘက်ပေါင်းစုံကနေ တုံ့ပြန်မှုတွေ ခံနေရပြီး ပိုပြီးတော့ အထီးကျန်လာပါပြီ”
သဘောထားတင်းမာသူများသည် အမေရိကန်နှင့် သဘောတူညီချက်ရယူခြင်းကို လုံးလုံး လျားလျား ဆန့်ကျင်နေကြခြင်း မဟုတ်ဘဲ၊ ၎င်းတို့ကိုယ်တိုင် သဘောတူညီချက်ကို ရယူ သူများ ဖြစ်ချင်ကြခြင်းသာ ဖြစ်သည်ဟု ရှာဘာနီ(Shabani) က ငြင်းခုံထားသည်။ ထိုသို့မှသာ နိုင်ငံအတွင်း သြဇာလွှမ်းမိုးမှုနှင့် အာဏာတည်ဆောက်ပုံများကို ၎င်းတို့ စိတ်ကြိုက် ပြန်လည်ပြင်ဆင်နိုင်မည်ဟု သူက ယူဆသည်။
“သူတို့က ‘ငါတို့ ဆက်တိုက်နေမယ်ဆိုရင် အမေရိကန်ကို အရှုံးပေးအောင် လုပ်နိုင်ပြီး ငါတို့ဘက်က လိုချင်တဲ့ စည်းကမ်းချက်တွေကို သတ်မှတ်နိုင်မယ်’ လို့ ပြောနေကြတာပါ” ဟု ရှာဘာနီ က ဆိုသည်။ “အီရန်မှာ ဘယ်သူကမှ သဘောတူညီချက်ရမှာကို မဆန့်ကျင်ပါဘူး။ အဓိကကတော့ သဘောတူညီချက်ရအောင် ဘယ်လိုနည်းဗျူဟာ သုံးမလဲ၊ ဘယ်သူက လုပ်မလဲဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်”

ဧပြီလ ၂၉ ရက်နေ့က တီဟီရန်မြို့၌ ပြုလုပ်သော လူထုလှုပ်ရှားမှုတစ်ခုအတွင်း အာယာတိုလာ ခိုမေနီ၊ ၎င်း၏အရိုက်အရာကို ဆက်ခံသူ အာယာတိုလာ အလီ ခါမေနီ နှင့် ၎င်းနောက် ဆက်ခံသူ မော့ဂျ်တာဘာ ခါမေနီ တို့၏ ပုံပါရှိသော အလံတစ်ခုကို အမျိုးသားတစ်ဦးက ကိုင်ဆောင်ထားစဉ်။ (Majid-Asgaripour/Wana News Agency/Reuters)

မော့ဂျ်တာဘာ ခါမေနီကို ၂၀၁၆ ခုနှစ် မတ်လက တွေ့ရစဉ်။ (Rouhollah Vahdati/Wana News Agency/Reuters/File)

မေလ ၆ ရက်နေ့က အီရန်နိုင်ငံ တီဟီရန်မြို့ရှိ လူထုလှုပ်ရှားမှုတစ်ခုအတွင်း လူများက ကြွေးကြော်သံများ အော်ဟိုက်နေကြစဉ်။ (Majid Asgaripour/Wana News Agency/Reuters)







