မေလ (၁၁)ရက်။
ပြီးခဲ့တဲ့ (၅)နှစ်ထဲ အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
အာဆီယံနိုင်ငံတွေထဲက နိုင်ငံအနည်းငယ်ဟာ ကန့်သတ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေနဲ့ တန်းတူကိုယ်စားပြုတာကို ချန်လှပ်ထားတာတွေကို ဆက်လက်ပြုလုပ်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
ဒါဟာ အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူတွေကို ဖောက်ဖျက်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ၊ ဝေဖန်တာနဲ့ ဖိအားပေးတာတွေကို ဆောင်ရွက်နေတယ်ဆိုပြီး ဖော်ပြထားပါတယ်။
ဒီလို ခွဲခြားဆက်ဆံတာတွေကို မင်းအောင်လှိုင်ရဲ့ အမည်ခံအစိုးရသစ်လက်ထက်မှာ ဆက်လက်လုပ်ဆောင်ဖို့ ကြိုးပမ်းနေတာဟာ မဲပေးခဲ့တဲ့ ပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေကို လျစ်လျူရှုတာလို့လဲ ပြောဆိုထားပါသေးတယ်။
အာဆီယံအနေနဲ့ တူညီဆန္ဒမရရှိသေးပေမယ့် အာဆီယံအဖွဲ့ဝင် တနိုင်ငံချင်းစီအလိုက် ထိတွေ့ဆက်ဆံတာတွေ ဆက်လက်ဆောင်ရွက်နေတယ်ဆိုပြီး စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မြန်မာအနေနဲ့ ပကတိအခြေအနေအပေါ် မူတည်ပြီး နိုင်ငံနဲ့ ကိုက်ညီတဲ့ မြန်မာဦးဆောင်တဲ့ ကိုယ်ပိုင်လုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုင်းပြည်သာယာဝပြောဖို့နဲ့ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေရဲ့ အကျိုးစီးပွားတွေ ကာကွယ်စောင့်ရှောက်ဖို့တို့ကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
လာမယ့် ဇူလိူင်လထဲ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာ စစ်ကော်မရှင်ကို ပါဝင်ခွင့်ပြုဖို့ အဆိုပြုတာတွေရှိပေမယ့် အဖွဲ့ဝင်နိုင်ငံအချို့က ကန့်ကွက်တာတွေရှိတယ်လို့ သိရပါတယ်။








