မေလ (၁၃)ရက်။
မေလ (၁၁)ရက်နေ့ ည (၈)နာရီခွဲအချိန်က အရူနာချားပြည်နယ်၊ Changlang ခရိုင်၊ Doimuk Nala ဒေသထဲ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့က နာဂလက်နက်ကိုင်တပ်ဖွဲ့ကို ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပန်ဆောင်မြို့အခြေစိုက် နာဂလက်နက်ကိုင်တပ်ဖွဲ့(NSCN-K)(AM)စစ်တိုင်းရဲ့ ကွပ်ကဲမှုအောက်က ယူနစ်တပ်ဖွဲ့ဝင်တွေဟာ နာဂဒေသထဲ နယ်မြေငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ သွားလာလှုပ်ရှားနေချိန် ချုံခိုတိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်ခံရတဲ့အထဲ NSCN-K(AM)ရဲ့ ယူနစ်တပ်ဖွဲ့ဝင် (၂)ဦး သေဆုံးခဲ့ကာ သူတို့ထဲက တဦးဟာ မြန်မာပြည်ဖွား လိုင်းနောင်ဒေသကဖြစ်ပြီး ကျန်တဦးဟာ တန်ရှန်းဒေသခံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုလို တိုက်ခိုက်ခံရတဲ့အပေါ် သေဆုံးသူတွေအတွက် ဝမ်းနည်းကာ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ရဲ့ လုပ်ရပ်ကို ကန့ကွက်ရှုတ်ချတယ်လို့ ရေးသားထားပါတယ်။
ဒီလို တိုက်ခိုက်တာဟာ ဒေသထဲ ငြိမ်းချမ်းရေးနဲ့ ယုံကြည်မှုတည်ဆောက်တဲ့ လုပ်ငန်းတွေကို ထိခိုက်စေနိုင်သလို အဖွဲ့တွေအကြား တင်းမာမှုတွေ ပိုမိုတိုးလာစေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဆက်လက်လုပ်ဆောင်နေတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုလဲ ခြိမ်းခြောက်ရာရောက်ပြီး ဒီလိုဖြစ်ရပ်တွေ ထပ်မဖြစ်စေဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေ တာဝန်ယူဖို့ NSCN-K(AM)က တိုက်တွန်းထားပါတယ်။
NSCN-K(AM)ဟာ နာဂလက်နက်ကိုင်တပ်ဖွဲ့(NSCN-K)ကနေ ခွဲထွက်လာတဲ့ တပ်ဖွဲ့တခုဖြစ်ပြီး အခုအခါ အာဏာသိမ်းစစ်တပ်ကို ငြိမ်းချမ်းရေးကမ်းလှမ်းထားတယ်လို့ သိရပါတယ်။








