မေလ (၁၆)ရက်။
အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
အခု ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊ ယောပြည်သူ၊ ယောလူမျိုးကို ကာကွယ်မယ်ဆိုတဲ့ သစ္စာအဓိဌာန်တွေကို စည်းလုံးမှုနဲ ပြသရမယ့်အချိန်လို့ ဆိုပါတယ်။
ယောဒေသ၊ ယောပြည်သူတွေကို လူမျိုးစု လွတ်လပ်ခွင့်အပါအဝင် ကိုယ့်ကံကြမ္မာဖန်တီးခွင့်နဲ့ တိုင်းရင်းသားတန်းတူညီမျှခွင့်တွေအတွက် အဆုံးအထိ တိုက်ပွဲဝင်ရမယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး YDF နဲ့အတူ ရဲဘောတဦးချင်းစီရဲ့ ကြိုးစားအားထုတ်မှုတွေကို ဘယ်တော့မှ မေ့မှာမဟုတ်သလို ကျဆုံးခဲ့သူတွေနဲ့ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့တဲ့ ရဲဘော်တွေအတွက် ပိုပြီး ကြိုးစားရဖို့ တိုက်တွန်းထားပါတယ်။
စစ်တပ်ဟာ ယောဒေသ ဆောမြို့ပေါ်ကို စစ်ကြောင်း (၃)ကြောင်း ထိုးဝင်လာကာ မြို့ခံပြည်သူတွေနဲ့ လူငယ်တွေကို ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောဆိုထားကြပါတယ်။
အင်အားထောင်နဲ့ချီတဲ့ စစ်တပ်စစ်ကြောင်းဟာ ယောဒေသ ဆောမြို့နယ်ကို ခြေကုပ်ယူပြီး ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့ကို ဆက်လက်စစ်ကြောင်းထိုးဖို့ရှိနေတယ်လို့ သိရပါတယ်။








