CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက်
ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်ဟောင်း ဂျင်မီလိုင် (Jimmy Lai) နှင့် ပါစတာ ဇာဂျင်မင်ရီ (Pastor Ezra Jin Mingri) တို့အား ထောင်မှလွှတ်ပေးရေးကိစ္စနှင့် ပတ်သက်၍ တရုတ် ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် “အကျယ်တဝင့်” ဆွေးနွေးခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
၎င်းတို့နှစ်ဦးအား လွှတ်ပေးရေးကိစ္စကို “ထည့်သွင်းစဉ်းစားနေဆဲ” ဖြစ်သော်လည်း၊ ဂျင်မီလိုင် အား ထောင်မှလွှတ်ပေးရန် တောင်းဆိုချက်အပေါ် တုံ့ပြန်မှုမှာ “အပြုသဘောမဆောင်” ခဲ့ကြောင်း Fox News မှ ဘရတ် ဘေယာ (Bret Baier) နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခု တွင် ထရမ့်က ပြောကြားခဲ့သည်။
အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်သော ဂျင်မီလိုင်သည် ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေး နှင့် ဆူပူအုံကြွအောင် လှုံ့ဆော်မှုဆိုင်ရာ စွဲချက်များဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပြီးနောက် ယခုနှစ်ဆန်းပိုင်းက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခြင်း ခံခဲ့ရသည်။
၎င်း၏တရားခွင်ကို ယခင်က ၎င်းအား “ထောင်ကလွတ်အောင် လုပ်ပေးမယ်” ဟု ကတိပြု ခဲ့ဖူးသော ထရမ့်အပါအဝင် အနောက်ကမ္ဘာမှ ခေါင်းဆောင်များက အနီးကပ် စောင့်ကြည့် ခဲ့ကြသည်။
“ကျွန်တော်က ‘သူ့ကို လွှတ်ပေးနိုင်ရင် ကျေးဇူးတင်မိမှာပါ။ သူလည်း အသက်ကြီးနေပြီ ဖြစ်သလို နေလို့လည်း သိပ်ကောင်းတော့တာ မဟုတ်တော့ဘူး။ လွှတ်ပေးရင် ကောင်းမှာပဲ’ လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် အကောင်းမြင်နိုင်တဲ့အခြေအနေကိုတော့ မရခဲ့ပါဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ရင် ခင်ဗျားကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောရမှာပဲ” ဟု ဂျင်မီလိုင်၏ ကိစ္စနှင့် ပတ်သက်၍ ရှီကျင့်ဖျင်ထံ အနည်းဆုံး နှစ်ကြိမ်ထက်မနည်း တင်ပြခဲ့သည်ဟု ထရမ့်က ပြောကြားခဲ့သည်။
သို့သော်လည်း တရုတ်နိုင်ငံတစ်ဝှမ်းရှိ ခရစ်ယာန်အသင်းတော်များနှင့် မြို့အသီးသီးတွင် အကြီးအကျယ် နှိမ်နင်းမှုအတွင်း ဖမ်းဆီးခြင်းခံခဲ့ရသော ပါစတာ ဇာဂျင်၏ လွတ်မြောက်ရေး နှင့် ပတ်သက်၍မူ ၎င်းအနေဖြင့် “အလွန်အကောင်းမြင်မိသည်” ဟု ထရမ့်က ဆိုသည်။
“နောက်တစ်ယောက်ကတော့ (လွှတ်ပေးဖို့) အတော်လေး ပြင်းပြင်းထန်ထန် ထည့်သွင်းစဉ်းစားတာ ခံရလိမ့်မယ်လို့ ထင်ပါတယ်” ဟု ထရမ့်က ပြောသည်။
နောက်ခံအကြောင်းအရင်း- ဂျင်မီလိုင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် အမျိုးသား လုံခြုံရေးနှင့် ဆူပူအုံကြွအောင် လှုံ့ဆော်မှုဆိုင်ရာ စွဲချက်များဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်း ခံခဲ့ရပြီး ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသည်။ မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှုဖြင့် ဘီလီယံနာဖြစ်လာခဲ့သူ ၎င်းသည် ၂၀၂၀ ပြည့်နှစ်တွင် ပေကျင်း အစိုးရက ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပေါ် ဘက်စုံအမျိုးသား လုံခြုံရေး ဥပဒေ ပြဋ္ဌာန်းပြီးကတည်းက စွဲချက်တင်ခြင်းခံရသည့် အစိုးရအပေါ် အထင်ကရ ဝေဖန်ရေးသမားများအနက် အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
ပေကျင်းနှင့် ဟောင်ကောင်အစိုးရ နှစ်ရပ်လုံးက ဂျင်မီလိုင်အား တရားစွဲဆိုမှုအပေါ် နိုင်ငံတကာ၏ ဝေဖန်မှုများကို အကြိမ်ကြိမ် ပယ်ချခဲ့ကြပြီး၊ ၎င်းအား ထောင်ချခြင်းသည် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း သို့မဟုတ် သတင်းလွတ်လပ်ခွင့်ကို တိုက်ခိုက်ခြင်းဖြစ်သည်ဟူသော စွပ်စွဲချက်များကို ငြင်းဆိုထားကြသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဟောင်ကောင်ရှိ နောက်ဆုံးအယူခံတရားရုံးမှ ထွက်ခွာလာသည့် မီဒီယာလုပ်ငန်းရှင်ကြီး ဂျင်မီလိုင်။ ဓာတ်ပုံ- Tyrone Siu/Reuters







