CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်
ရုရှားခေါင်းဆောင်သည် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ် (St. Petersburg International Economic Forum) သို့ တက်ရောက်နေစဉ်အတွင်း၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက လေးနှစ်ကြာမြင့်ခဲ့ပြီဖြစ်သော စစ်ပွဲကို အဆုံးသတ်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်ထံ အိတ်ဖွင့်ပေးစာတစ်စောင်ဖြင့် တောင်းဆိုလိုက်သည်။
ရုရှားဘီလျံနာများနှင့် နိုင်ငံရေးခေါင်းဆောင်များ၊ ဆုံးဖြတ်ချက်ချမှတ်သူများ ရင်းနှီး ပွင့်လင်း စွာ တွေ့ဆုံဆွေးနွေးနေကြသည့် အဆိုပါအခမ်းအနား ကျင်းပနေချိန်ကို ဇလန်းစကီး က ရွေးချယ်ခဲ့ခြင်းမှာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ပေ။ ရုရှားစီးပွားရေးသည် ရုန်းကန်နေရပြီး၊ စစ်ပွဲအခြေအနေအပေါ် စီးပွားရေးလုပ်ငန်းရှင်ထိပ်သီးများအကြား တိုးပွားလာနေသည့် မငြိမ်မသက်ဖြစ်မှုများကို အခွင့်ကောင်းယူနိုင်ရန် ဇလန်းစကီးက မျှော်လင့်နေသည်။
“ ရုရှားပြည်သူတွေဟာ ဒီလက်တွေ့ဘဝအပေါ်မှာ နောက်ဆုံးတော့ သက်တောင့်သက်သာမရှိ ဖြစ်လာနေကြပြီဆိုတာ ကျွန်တော်တို့အားလုံး မြင်တွေ့နေရပါတယ်။ စစ်ပွဲက ရုရှားနိုင်ငံ အတွက် ဆိုးကျိုးတွေကို ပိုပြီးတော့ပဲ သယ်ဆောင်လာပေးနေတယ်ဆိုတဲ့ အချက်ပါပဲ” ဟု ဇလန်းစကီးက ရေးသားခဲ့သည်။ “ ခင်ဗျားရဲ့စစ်ပွဲက ဘယ်တော့ပြီးမလဲဆိုတာ မမြင်ရတဲ့ အချက်ကို သူတို့ သဘောမကျကြပါဘူး။”
ရုရှားသမ္မတ ပူတင်သည် ယူကရိန်းဒေသများ၊ အထူးသဖြင့် ဒိုးနက်စ် (Donetsk) ဒေသကို သိမ်းပိုက်ရန် သတ်မှတ်ရက်များကို “ ပုံမှန်” ရွှေ့ဆိုင်းနေလေ့ရှိကြောင်း ယူကရိန်းခေါင်းဆောင် က ဆိုသည်။
“ ပြီးတော့ ခင်ဗျား ဒီနှစ်ထဲမှာလည်း အဲဒီဒေသကို သိမ်းပိုက်နိုင်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
ဇလန်းစကီးသည် ပေးစာတွင် ပူတင်အား တိုက်ရိုက်ရည်ညွှန်းကာ ၎င်း၏အနာဂတ်နှင့် ပတ်သက်၍ သတိပေးချက်တစ်ခုကို ပုဂ္ဂိုလ်ရေးအရ ထည့်သွင်းရေးသားခဲ့သည် – “ (ခင်ဗျား) အနေနဲ့ ရုရှားနိုင်ငံရဲ့ တည်ရှိမှုအတွက်မဟုတ်ဘဲ ခင်ဗျားကိုယ်တိုင် ရှင်သန်ရပ်တည်နိုင်ရေး အတွက် ပိုပြီးတော့ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ရပါလိမ့်မယ်။ ဒါဟာ ကျွန်တော့်ဆီက ဒါမှမဟုတ် ယူကရိန်းဆီက ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပါဘူး။ ခင်ဗျား ကောင်းကောင်းသိတဲ့ ရုရှားသမိုင်းရဲ့ လက်တွေ့အမှန်တရားတစ်ခုသာ ဖြစ်ပါတယ်။ အဲဒါကတော့ ရုရှားနိုင်ငံ နွမ်းနယ်ပင်ပန်းလာတဲ့အခါ အပြောင်းအလဲက ရောက်လာတတ်တာပါပဲ။”
“ ကျွန်တော်တို့တွေ အဲဒီလို နွမ်းနယ်ပင်ပန်းသွားအောင် လုပ်ဆောင်နိုင်ပါတယ်။ ခင်ဗျားရဲ့ စစ်ပွဲကို ခင်ဗျား ရပ်တန့်နိုင်ပါတယ်” ဟု ၎င်းက ဆက်လက်ဖော်ပြထားသည်။
ယူကရိန်းသည် စစ်ပွဲတွင် အနိုင်ရရန် အလှမ်းဝေးနေသေးသော်လည်း ရှေ့တန်းစစ်မျက်နှာပြင် အချို့တွင်မူ အသာစီးရနေပုံပေါ်သည်။ ကိ့ယက်ဗ် (Kyiv) သည် ရုရှားနိုင်ငံအတွင်းပိုင်းအထိ နက်နက်ရှိုင်းရှိုင်း တိုက်ခိုက်နိုင်စွမ်းကိုလည်း အကြီးအကျယ် မြှင့်တင်ထားနိုင်ခဲ့ပြီး၊ နယ်စပ်နှင့် ဝေးကွာသော စွမ်းအင်ဆိုင်ရာ အဆောက်အအုံများနှင့် အခြားမဟာဗျူဟာမြောက် ပစ်မှတ် များ ကို အဝေးမှနေ၍ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။
ထိုသတင်းစကားကို ပိုမိုထင်ရှားစေရန်အတွက်၊ တစ်ခါတစ်ရံ “ ရုရှား၏ ဒါဗို့စ်” (Russia’s Davos) ဟု တင်စားခေါ်ဝေါ်လေ့ရှိသည့် အဆိုပါ ဂုဏ်သရေရှိ ဖိုရမ်သို့ တက်ရောက်မည့် သူများ ယခုသီတင်းပတ်အတွင်း စုဝေးနေကြချိန်မှာပင် ယူကရိန်းက စိန့်ပီတာစဘတ်မြို့ကို တိုက်ခိုက်ခဲ့သည်။
ရုရှားက စစ်ပွဲဆင်နွှဲနေသည့် ပုံစံသည် စီးပွားရေးအရရော လူသားအရင်းအမြစ်အရပါ ရေရှည်မခံနိုင်ကြောင်း အနောက်နိုင်ငံက ကျွမ်းကျင်သူများက ထောက်ပြနေခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။ နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးအဖွဲ့ (International Institute for Strategic Studies) ကလည်း ကရင်မလင်အနေဖြင့် “ ရုရှား၏ စီးပွားရေးနှင့် လူ့အဖွဲ့အစည်း အပေါ် ၎င်းတို့၏ တောင်းဆိုချက်များကို အကြီးအကျယ် တိုးမြှင့်မလား၊ သို့မဟုတ် စစ်ပွဲ၏ ရည်မှန်းချက်များကို လျှော့ချမလားဆိုသည့် အခြေခံကျသော ရွေးချယ်မှုတစ်ခုနှင့် မကြာမီ ရင်ဆိုင်ရတော့မည်” ဟု ထောက်ပြထားသည်။
သို့သော် စီးပွားရေးအခြေအနေနှင့် ပတ်သက်၍ သတိပေးသံများသည် မကြာသေးမီက ရုရှားနိုင်ငံအတွင်းပိုင်း၌ပင် စတင်ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ရုရှား၏ အကြီးဆုံးဘဏ် ဖြစ်သော Sberbank ၏ အကြီးအကဲ ဂျာမန် ဂရက်ဖ် (German Gref) က လက်ရှိအခြေ အနေများ အောက်တွင် စီးပွားရေး ဆက်လက်တိုးတက်နေခြင်းမှာ “ အံ့ဩစရာတစ်ခု ဖြစ်နေပြီ” ဟု သောကြာနေ့တွင် ပြောကြားခဲ့သည်။
သို့သော်လည်း ပူတင်က ယူကရိန်းကို ၎င်း၏ထိန်းချုပ်မှုအောက်တွင် ရှိနေသေးသည့် နယ်မြေအချို့ကိုပင် စွန့်လွှတ်ရန် တောင်းဆိုနေသည့် အစွန်းရောက်တောင်းဆိုချက်များကို ဆက်လက်တွန်းအားပေးနေဆဲဖြစ်ရာ ကရင်မလင်က ထိုသတိပေးချက်များကို ပယ်ချထား သည်။ တစ်ချိန်တည်းမှာပင် ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒား နိုဗက် (Alexander Novak) က သောကြာနေ့တွင် နိုင်ငံ၏စီးပွားရေးသည် “ ထိန်းချုပ်ထားသော အအေးခံမှု အခြေအနေ” တွင် ရှိနေကြောင်း ပြောကြားခဲ့သည်။
‘သူ မော်စကို ကို လာနိုင်ပါတယ်’
ဇလန်းစကီးက စစ်ပွဲအဆုံးသတ်ရန် ပူတင်နှင့် တိုက်ရိုက်တွေ့ဆုံရန် တောင်းဆိုခဲ့ပြီး၊ အမေရိကန်က ၎င်း၏အာရုံစိုက်မှုကို အီရန်ကိစ္စမှ ယူကရိန်း-ရုရှားစစ်ပွဲထံ ပြန်လည် မလှည့်မချင်း ငြိမ်းချမ်းရေးကို စောင့်ဆိုင်းမနေသင့်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။
“ အမေရိကန်ပြည်ထောင်စုဟာ အီရန်ကိစ္စအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်နေတာကို ကျွန်တော်တို့ တွေ့မြင်နေရပြီး၊ ဥရောပက စစ်ပွဲဟာ သူတို့ရဲ့ အာရုံစိုက်မှု ဗဟိုချက်ဆီ ပြန်ရောက်လာတဲ့အထိ ဒီအတိုင်း စောင့်နေဖို့ဆိုတာ မှားယွင်းပါလိမ့်မယ်” ဟု ဇလန်းစကီးက ဆိုသည်။
“ ယူကရိန်းက ဒီစစ်ပွဲကို ကျွန်တော်တို့နဲ့ ခင်ဗျားအကြား တိုက်ရိုက်ထိတွေ့ဆက်ဆံမှုကနေ တစ်ဆင့် အဆုံးသတ်ဖို့ အဆိုပြုပါတယ်။ ကျွန်တော်က တွေ့ဆုံဆွေးနွေးဖို့ အဆိုပြုပါတယ်” ဟု ၎င်းက ရေးသားခဲ့ပြီး၊ အဆိုပါတွေ့ဆုံမှုကို တတိယနိုင်ငံတစ်ခုတွင် ပြုလုပ်သင့်ကာ တိကျသောရက်စွဲတစ်ခုကိုလည်း သတ်မှတ်သင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထိုသို့တွေ့ဆုံဆွေးနွေးနေစဉ်အတွင်း အပြည့်အဝ အပစ်အခတ်ရပ်စဲထားရန် လိုအပ်ကြောင်း ဇလန်းစကီးက ဆိုသည်။
“ အစစ်အမှန် ငြိမ်သက်မှုကို တည်ဆောက်ဖို့ ကြိုးပမ်းတာဟာ တစ်ယောက်နဲ့တစ်ယောက် စကားပြောဆိုနိုင်ဖို့ အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။”
ကရင်မလင်သည် ဇလန်းစကီး၏ ပေးစာကို တွေ့ရှိထားပြီး ပူတင်ကိုလည်း ၎င်းနှင့်ပတ်သက် ၍ အစီရင်ခံတင်ပြထားပြီးဖြစ်ကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ် (Dmitry Peskov) က ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ အကယ်၍ ဇလန်းစကီး အနေဖြင့် ပူတင်နှင့် တွေ့ဆုံချင်ပါက “ သူ မော်စကိုမြို့ကို လာနိုင်ပါတယ်” ဟုလည်း ဆိုသည်။
ဇလန်းစကီးကမူ ၎င်းအနေဖြင့် ရုရှားမြို့တော်သို့ သွားရောက်ရန်မှာ မဖြစ်နိုင်သော အချက်ဖြစ်ကြောင်း ပေးစာတွင် ထပ်လောင်းပြောကြားခဲ့သည် – ယူကရိန်းလုံခြုံရေး တပ်ဖွဲ့များက ယခင်က ရုရှားကျောထောက်နောက်ခံပြု လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု အကြိမ်ပေါင်းများစွာကို ဟန့်တားနိုင်ခဲ့သည်ဟု ပြောကြားထားချက်အရ ဤသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။
ယင်းအတောအတွင်း စိန့်ပီတာစဘတ်တွင် ပူတင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကမ်းလှမ်းထားသည့် စစ်ပွဲအဆုံးသတ်ရေး အဆိုပြုချက်များသည် ငြိမ်းချမ်းရေး သဘောတူ ညီချက်များအတွက် “ အခြေခံ” ဖြစ်လာနိုင်သော်လည်း နှစ်နိုင်ငံစလုံးဘက်မှ အလျှော့အတင်း လုပ်ရန် လိုအပ်လိမ့်မည်ဟု ပြောကြားခဲ့သည်။
“ ကျွန်တော်တို့ကတော့ ယေဘုယျအားဖြင့် ဒီအလျှော့အတင်းတွေကို သဘောတူပါတယ်။ ဒါကို ယူကရိန်းဘက်က လက်ခံလာအောင် နားချဖို့ပဲ လိုတာပါ၊ ဒါပါပဲ” ဟု ၎င်းက ဆိုသည်။ “ ဒါပေမဲ့ ခြုံငုံပြီးပြောရရင် ဒါဟာ ရုရှားနဲ့ ယူကရိန်းအကြား သဘောတူညီချက်တွေအတွက် အခြေခံကောင်းတစ်ခု ဖြစ်လာနိုင်ပြီး ဒီပဋိပက္ခကို အဆုံးသတ်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”
ထရမ့်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ရာထူးတက်လာစဉ်က စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်မည်ဟု ကတိပြုခဲ့သော်လည်း လက်ရှိအချိန်အထိ ထင်သာမြင်သာရှိသော တိုးတက်မှုတစ်စုံတစ်ရာ မပြုလုပ်နိုင်သေးဘဲ၊ တစ်ကြိမ်ထက်မက ရုရှားဘက်က ရပ်တည် ပေးနေပုံရသည့်အတွက် ဝေဖန်ခံနေရသည်။
သို့သော် ၎င်းသည် ကြာသပတေးနေ့က ထိုကိစ္စနှင့် ပတ်သက်၍ ရှုံးနိမ့်မှုတစ်ခုနှင့် ရင်ဆိုင်ခဲ့ရပြီး၊ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် တစ်ဒါဇင်ကျော်သည် ၎င်းတို့၏ ကိုယ်ပိုင်ခေါင်းဆောင်မှု – ထရမ့်ကိုယ်တိုင် – ကို ဆန့်ကျင်ကာ ဒီမိုကရက်များနှင့်အတူ မဲပေးခဲ့ကြသဖြင့် ရုရှားအပေါ် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်ရင်း ယူကရိန်းထံ ဒေါ်လာဘီလျံပေါင်းများစွာ အကူအညီပေးမည့် အဓိက ဥပဒေကြမ်းတစ်ခုကို အတည်ပြု ခဲ့ကြသည်။
အကယ်၍ အထက်လွှတ်တော် (Senate) ကသာ ဤဥပဒေကြမ်းကို အတည်ပြုခဲ့လျှင်၊ ယင်းသည် ထိုစဉ်က သမ္မတ ဂျိုးဘိုင်ဒင် ရာထူး၌ ရှိနေသေးသည့် ၂၀၂၄ ခုနှစ် နွေဦးရာသီနောက်ပိုင်း ယူကရိန်း-ရုရှားစစ်ပွဲနှင့် ပတ်သက်၍ လွှတ်တော်၏ ပထမဆုံးသော ခြေလှမ်းကြီး ဖြစ်လာမည်ဖြစ်သည်။ သို့သော်လည်း အဆိုပါဥပဒေကြမ်းသည် ၎င်း၏စားပွဲ ပေါ်သို့ ရောက်ရှိလာပါက ထရမ့်အနေဖြင့် ဗီတိုအာဏာသုံး ပယ်ချနိုင်ခြေ ရှိနေဆဲဖြစ်သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin)။ Getty Images/AP







