နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အင်တာပိုလ် (Interpol) က အလိုရှိနေသည့် သဘောထားတင်းမာသူ ဗိုလ်ချုပ်တစ်ဦး အီရန်စစ်ပွဲတွင် အဓိကဇာတ်ကောင်အဖြစ် ပေါ်ထွက်လာ

CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်

အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုများရရှိရန် ဆံခြည်တစ်မျှင်မျှသာ လိုတော့သည့် အရေးကြုံနေရချိန်တွင်၊ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုကို ခံထားရပြီး အင်တာပိုလ် ကလည်း ဖမ်းဝရမ်းထုတ်ထားသည့် နာမည်ဆိုးဖြင့်ကျော်ကြားသော အီရန်စစ်ဗိုလ်ချုပ် တစ်ဦးက တီဟီရန်၏ နောက်ထပ်ခြေလှမ်းများကို ရေးဆွဲရာတွင် ကူညီပေးလျက်ရှိသည်။

အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး အာမက် ဗာဟီဒီ သည် ၎င်း၏ရှေ့က တာဝန်ထမ်းဆောင်ခဲ့သူ မိုဟာမက် ပတ်ခ်ပူရ် (Mohammad Pakpour)သည် စစ်ပွဲပထမဆုံးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ပြီးနောက် ထိုရာထူးကို အာမက် ဗာဟီဒီ ကလွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းဆန္ဒပြပွဲများကို နှိမ်နင်းရာတွင် ပါဝင်ပတ်သက်မှုကြောင့် အမေရိကန်၏ ပိတ်ဆို့ အရေးယူမှုကို ခံထားရပြီး လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုက အာဂျင်တီးနားနိုင်ငံတွင် ဖြစ်ပွား ခဲ့သော ဗုံးခွဲမှုတစ်ခု၌ ပါဝင်ပတ်သက်သည်ဆိုသော စွပ်စွဲချက်ဖြင့် အင်တာပိုလ်က အလိုရှိ နေသည့် ဗာဟီဒီသည် ဝါရှင်တန်နှင့် အလျှော့အတင်းလုပ်ရန် အပြင်းထန်ဆုံး ကန့်ကွက်သူ တစ်ဦးဖြစ်ပြီး ပတ်ခ်ပူရ် ထက်ပင် ပိုမိုအစွန်းရောက်သူဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

“သူက သြဇာညောင်းတဲ့သူတစ်ယောက်ပါ၊ ဒါပေမဲ့ သူက စနစ်တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်” ဟု အပြည်ပြည်ဆိုင်ရာ ပဋိပက္ခလေ့လာရေးအဖွဲ့ (International Crisis Group) ၏ အီရန်စီမံကိန်း ညွှန်ကြားရေးမှူး အလီ ဗာအက်ဇ် (Ali Vaez) က ပြောသည်။ “ဆုံးဖြတ်ချက် တွေကို ဘုံသဘောတူညီချက်နဲ့ ချမှတ်တာဖြစ်ပြီး၊ အဲဒီအခန်းထဲမှာ ဗာဟီဒီရဲ့ အသံက အကျယ်ဆုံး ဖြစ်နေတာကတော့ သံသယဖြစ်စရာ မလိုပါဘူး။”

အီရန်၏ ထိပ်တန်းဆုံးဖြတ်ချက်ချမှတ်သူတစ်ဦးအဖြစ် ဗာဟီဒီ အာဏာရလာခြင်းက အမေရိကန် နှင့် အစ္စရေးတို့အနေဖြင့် နိုင်ငံ၏ခေါင်းဆောင်ပိုင်းကို အမြစ်ဖြတ်ရန် ကြိုးပမ်းမှု များသည် ပိုမိုပျော့ပျောင်းသော အုပ်ချုပ်သူလူတန်းစားတစ်ရပ်ကို ဖြစ်ပေါ်မလာစေကြောင်း ပြသနေသည်။ ဗာဟီဒီ၏ ဦးဆောင်မှုအောက်တွင် IRGC သည် ကမ္ဘာ့အရေးအပါဆုံး ရေနံသယ်ယူပို့ဆောင်ရေး စစ်ဆေးရေးဂိတ်၌ သွားလာမှုများကို ထိရောက်စွာ ပိတ်ဆို့ ထားနိုင်ခဲ့ပြီး၊ ဝါရှင်တန်ထံမှ တီဟီရန်၏ တောင်းဆိုချက်များသည်လည်း ယခင်ဆွေးနွေးပွဲ များကထက် ပိုမိုမြင့်မားလာခဲ့သည်။

ဗာဟီဒီသည် အစ္စလာမ္မစ်တော်လှန်ရေး၏ အခြေခံမူများအပေါ် နက်နက်ရှိုင်းရှိုင်း သစ္စာစောင့်သိသူ၊ “အလွန်လွှမ်းမိုးမှုရှိပြီး” “အစွန်းရောက်” သည့် လူတစ်ဦးဖြစ်ကြောင်း အစ္စရေးစစ်ဘက်ဆိုင်ရာထောက်လှမ်းရေး၏ အီရန်ဌာနခွဲ အကြီးအကဲဟောင်း ဒန်နီ စီထရင်နိုဝစ်ဇ် (Danny Citrinowicz) က CNN သို့ ပြောကြားခဲ့သည်။

“သူ့ကို မပြဘဲနဲ့ ကျော်ခွပြီးဘယ်အရာကိုမှ သဘောတူညီချက်ယူလို့မရပါဘူး” ဟု စီထရင်နိုဝစ်ဇ်က ဆိုသည်။ “သူက ‘ငါတို့လိုချင်တာ မရရင်၊ အကယ်၍ ထရမ့်က စစ်ပွဲထဲကို ပြန်ဝင်ချင်တယ်ဆိုရင်လဲ ကြိုဆိုပါတယ်’ လို့ ပြောနေတဲ့လူတွေထဲက တစ်ယောက်ပါ။”

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယခုသီတင်းပတ်အတွင်း အီရန်ကို နောက်တစ်ကြိမ် တိုက်ခိုက်ရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး တီဟီရန်က သဘောတူညီချက် တစ်ခုကို လက်မခံပါက စစ်ပွဲကို ပြန်လည်မီးမွှေးမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ၎င်းနောက်တွင် ဆွေးနွေးပွဲများ တိုးတက်မှုရှိမရှိကို စောင့်ကြည့်ရန် အဆင်သင့်ရှိသော်လည်း “အချိန်က ကုန်ဆုံးနေပြီ” ဟု သတိပေးခဲ့သည်။

“ကျွန်တော်တို့ အီရန်ကိစ္စရဲ့ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့” ဟု သဘောတူညီချက်ရရှိရန် ကြိုးပမ်းမှုများနှင့် ပတ်သက်၍ ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့ သဘောတူညီချက်တစ်ခု ရရင်ရ၊ မရရင်တော့ နည်းနည်းရက်စက်တဲ့ အရာအချို့ကို လုပ်ရလိမ့်မယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ “ဒါပေမဲ့ အဲဒီလိုမျိုးမဖြစ်ဖို့ မျှော်လင့်ပါတယ်။”

ဗာဟီဒီက ဗုဒ္ဓဟူးနေ့တွင် သတိပေးချက်ထုတ်ပြန်ရာ၌ “အကယ်၍ အီရန်မြေပေါ်ကို ထပ်မံကျူးကျော်မှုတစ်ခုခု ပြုလုပ်လာမယ်ဆိုရင်၊ ယခင်က ကတိပေးထားပြီး ဒေသတွင်း စစ်ပွဲအကန့်အသတ်အတွင်းမှာပဲ ထိန်းချုပ်ထားခဲ့တဲ့ အဲဒီမီးတောက်ဟာ ဒီတစ်ကြိမ်မှာတော့ ပေါက်ကွဲထွက်သွားပြီး နယ်စပ်နဲ့ နယ်ပယ်အားလုံးကို ကျော်လွန်သွားလိမ့်မယ်” ဟု ဆိုသည်။

“ခင်ဗျားတို့ ပြင်းထန်တဲ့ ထိုးနှက်ချက်တွေကို ခံရလိမ့်မယ်” ဟု ၎င်းက X (ယခင် တွစ်တာ) လူမှုကွန်ရက်ပေါ်တွင် ပြောကြားခဲ့ကြောင်း အီရန်မီဒီယာများက ဖော်ပြသည်။

အဆိုပါစစ်သေနာပတိကို လူမြင်ကွင်းတွင် မကြာခဏ မတွေ့ရသော်လည်း၊ ကြာသပတေး နေ့က ဗာဟီဒီသည် ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးနှင့် တွေ့ဆုံနေသည့် ဓာတ်ပုံများ မီဒီယာ များတွင် ပျံ့နှံ့ခဲ့သည်။ အီရန်မီဒီယာများကမူ ၎င်းဓာတ်ပုံများကို မဟုတ်မှန်ကြောင်း ငြင်းဆို ခဲ့ပြီး ဗာဟီဒီသည် ပါကစ္စတန်အရာရှိနှင့် တွေ့ဆုံခဲ့ခြင်းမရှိကြောင်းနှင့် အဆိုပါဓာတ်ပုံမှာ ၂၀၂၄ ခုနှစ်က ဓာတ်ပုံဟောင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ် (Mohammad Bagher Ghalibaf) နှင့် နိုင်ငံခြားရေးဝန်ကြီး အက်ဘတ်စ် အာရတ်ချီ (Abbas Araghchi) ကဲ့သို့သော အရာရှိများကို အီရန်၏ လူထုမျက်နှာစာများနှင့် အမေရိကန်နှင့် ဆွေးနွေးပွဲများတွင် တွေ့ရလေ့ရှိသော်လည်း၊ ဗာဟီဒီသည် နောက်ကွယ်မှနေ၍ အီရန်၏ သဘောထားအပြင်းထန်ဆုံး မူဝါဒအချို့ကို တွန်းအားပေးနေပုံရသည်ဟု ကျွမ်းကျင်သူအချို့က ဆိုသည်။

အီရန်သည် ၎င်းတို့၏အမြင်တွင် လက်နက်ချခြင်းဟု အဓိပ္ပာယ်သက်ရောက်မည့် မည်သည့် အဆိုပြုချက်ကိုမဆို လက်ခံရန် ယခုအချိန်အထိ ငြင်းဆန်ထားသည်။ သီတင်းပတ်ပေါင်း များစွာ အဆိုပြုချက်များ အပြန်အလှန်ဖလှယ်ပြီးနောက်၊ အီရန်၏ နောက်ဆုံးကမ်းလှမ်းချက် တွင် အရေးကြီးသောအချက်များ၌ သိသာထင်ရှားသော လိုက်လျောမှုများ မတွေ့ရကြောင်း ဤကိစ္စကို နီးစပ်စွာသိရှိသူတစ်ဦးက ပြောကြားခဲ့ပြီး နျူကလီးယားသန့်စင်မှုဆိုင်ရာ ကိစ္စရပ်များသည် အကျပ်အတည်း၏ ဗဟိုချက်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘အလိုရှိနေသူတစ်ဦး’

စစ်ပွဲစတင်ကတည်းက တီဟီရန်ကို ၁၉၈၀ ပြည့်လွန်နှစ်များက အီရန်-အီရတ်စစ်ပွဲ၏ အပျက်အစီးများကြားမှ ထွက်ပေါ်လာသည့် IRGC နောက်ခံရှိသော အစုအဖွဲ့ငယ်လေး တစ်ခုက ဦးဆောင်နေခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ ဗာဟီဒီသည် ယင်းတို့အထဲတွင် အဓိကဇာတ်ကောင်တစ်ဦးဖြစ်သည်။

သူသည် “အစ္စလာမ္မစ်သမ္မတနိုင်ငံတော်ရဲ့ စနစ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေထဲမှာပဲ အလွန်အရေးပါတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လာခဲ့တာပါ” ဟု ဗာအက်ဇ်က ပြောကြားပြီး၊ နိုင်ငံက စစ်ပွဲဖြစ်ပွားနေချိန်တွင် ၎င်း၌ ထူးခြားသော သြဇာအာဏာရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အမေရိကန်နှင့် သဘောတူညီချက်ရရှိရန် ၎င်းက မည်မျှအထိ အဟန့်အတားဖြစ်စေနိုင် သနည်းဆိုသည်မှာမူ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

ပြီးခဲ့သည့် ဧပြီလက ဝါရှင်တန်ဒီစီရှိ စစ်ပွဲလေ့လာရေးအဖွဲ့ (ISW) က “အမေရိကန်-အီရန် ဆွေးနွေးပွဲတွေကို ဖျက်သိမ်းဖို့ ဗာဟီဒီရဲ့ သိသာထင်ရှားတဲ့ ဆန္ဒက၊ လိုအပ်ရင် စစ်ပွဲကို ပြန်လည်စတင်ဖို့ သူအဆင်သင့်ရှိနေတာကို ပြသနေတယ်” ဟု ပြောကြားခဲ့သည်။ သို့သော် ဗာအက်ဇ်ကမူ ဗာဟီဒီသည် အဟန့်အတားတစ်ခုဖြစ်နေသည်ဟူသော အထောက်အထားမျိုး ယခုအချိန်အထိ မရှိသေးကြောင်း ဆိုသည်။

၁၉၅၈ ခုနှစ်တွင် ရှီရက်ဇ် (Shiraz) မြို့၌ မွေးဖွားခဲ့ပြီး၊ ဗာဟီဒီ၏ အတွေးအခေါ်သည် စစ်ပွဲနှင့် အနောက်နိုင်ငံများနှင့် ထိပ်တိုက်တွေ့မှုများကြောင့် ပုံသွင်းခံခဲ့ရသည်။ သူသည် ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးအပြီး စနစ်သစ်စတင်ချိန်တွင် အုပ်ချုပ်ရေးအဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် ထောက်လှမ်းရေး ဒုတိယအကြီးအကဲအဖြစ် ခန့်အပ်ခံခဲ့ရသည်။

ထိုမတိုင်မီက သူသည် အီလက်ထရွန်နစ်နှင့် စက်မှုအင်ဂျင်နီယာဘာသာရပ်ကိုသင်ယူခဲ့ ကြောင်း အီရန်မီဒီယာများအရ သိရသည်။

“သူ့ကို IRGC ကပဲ ပုံသွင်းခဲ့တာပါ” ဟု စီထရင်နိုဝစ်ဇ်က ဆိုသည်။ (IRGC ကို အမေရိကန်က နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။)

သူသည် ၁၉၉၄ ခုနှစ်က အာဂျင်တီးနားနိုင်ငံ၊ ဘျူနိုအေးရိစ်မြို့ရှိ ဂျူးလူမှုအသိုင်းအဝိုင်း စင်တာတစ်ခုတွင် လူပေါင်း ၈၅ ဦး သေဆုံးခဲ့သည့် ဗုံးခွဲမှုတွင် ပါဝင်ပတ်သက်မှုဖြင့် အင်တာပိုလ်၏ အလိုရှိခြင်းကို ခံနေရသူဖြစ်သည်။ ထို့အပြင် ၁၉၈၀ ပြည့်လွန်နှစ်များက “အီရန်-ကွန်ထရာ အရှုပ်တော်ပုံ” (Iran-Contra affair) ဟု လူသိများသည့် အစ္စရေးက ကျောထောက်နောက်ခံပေးပြီး အမေရိကန်က အီရန်ထံ လက်နက်များရောင်းချကာ ရရှိလာသော ငွေကြေးများဖြင့် နီကာရာဂွါနိုင်ငံရှိ ကွန်မြူနစ်ဆန့်ကျင်ရေး သူပုန်များ (ကွန်ထရာများ) ကို ထောက်ပံ့ပေးခဲ့သည့် အစီအစဉ်အတွင်း အစ္စရေးများနှင့် အဆက်အသွယ် ရှိခဲ့ကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

သူသည် IRGC ၏ အထူးတပ်ဖွဲ့ဖြစ်သော ကုဒ်စ်တပ်ဖွဲ့ (Quds Force) ၏ ပထမဆုံးသော တပ်မှူးဖြစ်ခဲ့ပြီး နှစ်များတစ်လျှောက် IRGC နှင့် အီရန်စစ်တပ်၏ ဒုတိယစစ်သေနာပတိချုပ်၊ ကာကွယ်ရေးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီး ရာထူးများအပါအဝင် တာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့သည်။

၂၀၂၂ ခုနှစ်တွင်၊ အီရန်၏ အစ္စလာမ္မစ်ဝတ်စားဆင်ယင်မှုစည်းမျဉ်းကို ချိုးဖောက်သည်ဟူသော စွပ်စွဲချက်ဖြင့် ကိုယ်ကျင့်တရားထိန်းသိမ်းရေးရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကိုခံရပြီး ချုပ်နှောင်ခံ ထားရစဉ် သေဆုံးသွားခဲ့သည့် အသက် ၂၂ နှစ်အရွယ် မာဆာ အာမီနီ (Mahsa Amini) သေဆုံးမှု နောက်ဆက်တွဲ ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းခဲ့မှုကြောင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ဗာဟီဒီကို ပိတ်ဆို့အရေးယူခဲ့သည်။

“ဗာဟီဒီဟာ ဟီဂျပ် (ခေါင်းခြုံပုဝါ) စည်းကမ်းကို လိုက်နာဖို့နဲ့ ပတ်သက်ပြီး ‘စည်းကမ်း ဖောက်ဖျက်သူတွေ’ ကို အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အပြစ်ပေးလိမ့်မယ်လို့ အီရန်အမျိုးသမီးတွေကို သတိပေးခဲ့ပါတယ်” ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး၊ သူသည် ဆန္ဒပြသူများကို အတိအလင်း ခြိမ်းခြောက်ခဲ့ပြီး လက်ရှိဆန္ဒပြ ပွဲများကို နှိမ်နင်းရာတွင် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ခုခံကာကွယ်ပေးခဲ့ ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

၎င်း၏ ရှေ့ကတာဝန်ယူခဲ့သူ အများအပြား (ကုဒ်စ်တပ်ဖွဲ့၏ တပ်မှူးဟောင်း ကာဆမ် ဆူလေမာနီ အပါအဝင်) သည် အမေရိကန်နှင့် အစ္စရေးတို့၏ လုပ်ကြံခြင်းကို ခံခဲ့ရသဖြင့် ဗာဟီဒီ၏အပေါ်တွင်လည်း နိမိတ်မကောင်းသော အရိပ်မည်းကြီးတစ်ခု လွှမ်းမိုးနေသည်။

“သူက အလိုရှိခံနေရတဲ့ လူတစ်ယောက်ပါ” ဟု စီထရင်နိုဝစ်ဇ်က ဆိုသည်။ “သူက လျှော့တွက်လို့မရတဲ့ လူတစ်ယောက်လဲ ဖြစ်ပါတယ်။”

အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ဒုတိယစစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး အာမက် ဗာဟီဒီ (Ahmad Vahidi) သည် ဇန်နဝါရီလက တီဟီရန်မြို့ရှိ မူဆာလာ (Musalla) တွင် ပြုလုပ်သော ကာဆမ် ဆူလေမာနီ (Qassem Soleimani) လုပ်ကြံခံရမှု ၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာစဉ်။ Sobhan Farajvan/Pacific Press/LightRocket/Getty Images (ဓါတ်ပုံ)

အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ဗိုလ်ချုပ်များနှင့် တပ်မှူးများ ဖြစ်ကြ သော မိုဆန် ရီဇာအီ (Mohsen Rezaee – ဘယ်မှ ၂ ယောက်မြောက်)၊ အလီ ဖာဒါဗီ (Ali Fadavi – ဘယ်မှ ၃ ယောက်မြောက်)၊ အာမက် ဗာဟီဒီ (ညာမှ ၂ ယောက်မြောက်) နှင့် ဟာဆန် ဟာဆန်ဇာဒေဟ် (Hassan Hassanzadeh – ညာ) တို့သည် တီဟီရန်မြို့လယ်ရှိ အီမာမ်ခိုမေနီ ဗလီကြီး (Imam Khomeini Grand Mosque) တွင် ပြုလုပ်သော အီရန်-အစ္စရေးစစ်ပွဲအတွင်း သေဆုံးသွားခဲ့သည့် IRGC တပ်မှူးများ၊ နျူကလီးယား သိပ္ပံပညာရှင် များ နှင့် အရပ်သားများ အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်စဉ်။ ဇူလိုင် ၂ ရက်။ Morteza Nikoubazl/NurPhoto/Getty Images (ဓါတ်ပုံ)

၁၉၉၄ ခုနှစ် ဇူလိုင် ၁၈ ရက်က ဘျူနိုအေးရိစ်မြို့ရှိ အာဂျင်တီးနား ဂျူးလူမျိုးများသမဂ္ဂ အဆောက်အအုံကို ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုက ဖျက်ဆီးခဲ့ပြီးနောက်၊ ရဲတပ်ဖွဲ့ဝင်တစ်ဦးက လူများကို အဆိုပါနေရာသို့ မချဉ်းကပ်ရန် တားဆီးနေစဉ်။ Daniel Luna/AFP/Getty Images (ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက