နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg)

BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက်

မူလက စစ်ဆင်ရေးကို အချိန်တိုအတွင်း အပြီးသတ်ရန် စီစဉ်ခဲ့သော်လည်း ယူကရိန်းရှိ ရုရှား၏ စစ်ရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်နေဆဲဖြစ်ကြောင်း ပူတင်က အခိုင်အမာ ပြောကြားနေသည်။

အကယ်၍ ဗလာဒီမီယာ ပူတင်၏ ရုရှားနိုင်ငံတွင် တရားဝင် ဆောင်ပုဒ်တစ်ခု ရှိခဲ့မည်ဆိုပါက ယင်းသည် ဘာဖြစ်မလဲ။

“ရုရှားဟာ သူ့သဘာဝအတိုင်း ရုရှားပဲ၊ ဒါကို ပြသဖို့လည်း ကျွန်တော်တို့ မရှက်ဘူး” ဟု နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်က တစ်ကြိမ်က အင်တာဗျူးတစ်ခုတွင် ကျွန်ုပ်အား ပြောကြားခဲ့ဖူးသည်။

ယင်းက ကွက်တိကျလှသည်။

သို့သော် မကြာသေးမီက ဝါရင့် ပေါ့ပ်နှင့် ဖော့ခ်တေးသီချင်းဆိုသူ နာဒက်ဇ်ဒါ ဘာ့ဘ်ကီနာ (Nadezhda Babkina) ထံမှ ပိုမိုဆန်းသစ်သော စကားတစ်ခွန်းကို ကြားခဲ့ရသည်။

သမ္မတ ပူတင်ထံမှ ဆုတစ်ခုကို လက်ခံရရှိပြီးနောက် ဘာ့ဘ်ကီနာက ကရင်မလင်နန်းတော်ရှိ ပရိသတ်အား “ကျွန်မတို့ကို စည်းလုံးစေတဲ့ ထူးခြားပြီး လူမျိုးပေါင်းစုံ ပါဝင်တဲ့ မျိုးရိုးဗီဇ ဆိုင်ရာ ကုဒ်တွေကြောင့် ရုရှားဟာ ဘယ်တော့မှ လက်နက်ချမှာ မဟုတ်ပါဘူး” ဟု ပြောကြား ခဲ့သည်။

၎င်းက ဆက်လက်၍ “ဒါကို မနှစ်သက်တဲ့သူတွေဟာ သွားပြီး အဆိပ်သောက် သေနိုင်ပါ တယ်” ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။

နည်းလမ်းပေါင်းစုံဖြင့် ကြည့်လျှင် “သူတို့ သွားပြီး အဆိပ်သောက် သေနိုင်ပါတယ်” ဟူသော စကားရပ်သည် ၂၀၂၆ ခုနှစ်၏ ရုရှားနိုင်ငံကို ထင်ဟပ်နေသည် — တောင်းပန်ခြင်းမရှိ၊ နောင်တမရဘဲ သဘောထားတင်းမာလွန်းလှသည်။

ဗလာဒီမီယာ ပူတင် ကိုယ်တိုင်ကဲ့သို့ပင်။

ယူကရိန်းကို အလုံးစုံ ကျူးကျော်ဝင်ရောက်ရန် အမိန့်ပေးခဲ့ပြီးကတည်းက ကရင်မလင် ခေါင်းဆောင်သည် အိမ်နီးချင်းနိုင်ငံကို တိုက်ခိုက်ရန် ၎င်း၏ ဆုံးဖြတ်ချက်အပေါ် မည်သည့် နောင်တ သို့မဟုတ် စိတ်မကောင်းဖြစ်မှုကိုမျှ ပြသခဲ့ခြင်းမရှိသလို၊ စစ်မက်ဖြစ်ပွားမှုများကို ရပ်တန့်ရန် ရည်ရွယ်ချက်လည်း မရှိပေ။

ယခုသီတင်းပတ်အတွင်း ရုရှားသည် ယူကရိန်းတစ်ဝှမ်းလုံးသို့ နောက်ထပ် အကြီးအကျယ် ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် ရုရှားနိုင်ငံကို ကမ္ဘာသို့ ပြသရန် ရည်ရွယ်၍ နှစ်စဉ်ကျင်းပမြဲ ဖြစ်သော စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ် (St Petersburg International Economic Forum) မတိုင်မီ ညဥ့်ဦးယံတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

အနောက်နိုင်ငံမှ ထင်ရှားကျော်ကြားသော ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံရေးသမားများ မလာ ရောက်ကြတော့သည်မှာ ကြာပြီဖြစ်သည်။ သို့သော်လည်း စီစဉ်သူများ၏ ပြောကြားချက်အရ နိုင်ငံနှင့် နယ်မြေပေါင်း ၁၃၀ ကျော်မှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်မည်ဟု သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ရှာဖွေနေသည့် နိုင်ငံတစ်ခုအတွက်မူ အိမ်နီးချင်းနိုင်ငံနှင့် လေးနှစ်ကျော်ကြာ စစ်ပွဲဖြစ်ပွားနေခြင်းသည် အကောင်းဆုံးသော ကြော်ငြာတစ်ခုတော့ မဟုတ်တန်ရာ။

သို့သော် ကျွန်ုပ်တို့ သိရှိထားပြီးသည့်အတိုင်း “ရုရှားသည် ရုရှားပင်ဖြစ်သည်”။ ဖိုရမ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယူကရိန်းအပေါ် တိုက်ခိုက်မှုများကတော့ ဆက်လက်ရှိနေဆဲဖြစ်သည်။

စစ်ပွဲအပေါ် သမ္မတ ပူတင်၏ လူသိရှင်ကြား သဘောထားမှာ မယိမ်းယိုင်ပေ။ ယူကရိန်းအနေဖြင့် ဒွန်းဘတ်စ် (Donbas) ဒေသတစ်ခုလုံးကို ရုရှားထံသို့ လွှဲပြောင်းပေးရန် ၎င်းက ဆက်လက်တောင်းဆိုနေသည်။

ဗလာဒီမီယာ ပူတင်သည် ပြောင်းလဲခြင်းမရှိပါ။ သို့သော် ကရင်မလင်နန်းတော်အတွင်း အရာတစ်ခုတော့ ပြောင်းလဲသွားခဲ့သည်။

ယင်းကတော့ ဒေါ်နယ်ထရမ့်နှင့် သက်ဆိုင်သည်။

ပြီးခဲ့သည့်နှစ်က ရုရှားအရာရှိများသည် အမေရိကန်သမ္မတအနေဖြင့် မော်စကို၏ လိုလား ချက်များအတိုင်း ယူကရိန်းငြိမ်းချမ်းရေး သဘောတူညီချက်ကို ဖော်ဆောင်ပေးလိမ့်မည်ဟု ယုံကြည်မှုရှိနေပုံရသည်။ တစ်နည်းအားဖြင့် သမ္မတ ထရမ့်က ကီးဗ်ကို ဖိအားပေးပြီး မော်စကို၏ အမြင့်ဆုံးတောင်းဆိုချက်များကို လက်ခံခိုင်းလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။

ပြီးခဲ့သည့် နွေရာသီက အလက်စကာပြည်နယ်၊ အန်ကောရေ့ချ် (Anchorage) မြို့တွင် ပြုလုပ် ခဲ့သော အမေရိကန်-ရုရှား ထိပ်သီးအစည်းအဝေးအပြီး လပေါင်းများစွာအထိ ရုရှား အဆင့်မြင့် အရာရှိများသည် “အန်ကောရေ့ချ်၏ စိတ်ဝိညာဉ်” အကြောင်းကို ကဗျာဆန်ဆန် ချီးမွမ်းပြောဆိုခဲ့ကြသည် — ဒေါ်နယ်ထရမ့်နှင့် ဗလာဒီမီယာ ပူတင်တို့သည် မော်စကိုအတွက် အကျိုးရှိမည့် ယူကရိန်းအရေးနှင့်ပတ်သက်၍ အပြန်အလှန် နားလည်မှု ရရှိခဲ့ကြသည့်အလား ဖြစ်သည်။

သို့သော် မည်သည့်ငြိမ်းချမ်းရေး သဘောတူညီချက်မျှ ပေါ်ပေါက်မလာခဲ့ပေ။

“အန်ကောရေ့ချ်ရဲ့ စိတ်ဝိညာဉ်အကြောင်း ကျွန်တော် မသိပါဘူး” ဟု သမ္မတ ပူတင်၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ယူရီ အူရှာကော့ဗ် (Yuri Ushakov) က ရုရှားနိုင်ငံပိုင်ရုပ်သံသို့ မကြာသေးမီက ပြောကြားခဲ့သည်။ “ကျွန်တော် အဲဒီစကားစုကို တစ်ခါမှ မသုံးခဲ့ဖူးပါဘူး”

ယင်းသည် “အန်ကောရေ့ချ်၏ စိတ်ဝိညာဉ်” မှာ လုံးဝပျောက်ကွယ်မသွားသေးလျှင်ပင် အနည်းဆုံးတော့ စတင်ရငွေ့ပျံ ပျောက်ကွယ်နေပြီဖြစ်ကြောင်း လက္ခဏာတစ်ရပ်ဖြစ်သည်။

ယင်းသည် ဗလာဒီမီယာ ပူတင်၏ ထင်ရှားသော စိတ်ပျက်အားမလိုအားမရဖြစ်မှုများကို လှုံ့ဆော်ပေးနေသည့် အချက်များထဲမှ တစ်ခုလည်း ဖြစ်နိုင်သည်။

အခြားအချက်များစွာလည်း ရှိသေးသည်။

ကရင်မလင်ခေါင်းဆောင်က ရေတို “အထူးစစ်ဆင်ရေး” အဖြစ် ကြံစည်ခဲ့သောအရာသည် ယခုအခါ ငါးနှစ်မြောက်ထဲသို့ ရောက်ရှိလာပြီး အသေအပျောက်များပြားလှသော ရေရှည်ဆွဲ ကစားရသည့် စစ်ပွဲကြီးဖြစ်လာခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက ရုရှားသည် စစ်မြေပြင်တွင် အမြောက်အမြား ဆုံးရှုံးခဲ့ရပြီး၊ ၎င်း၏ စီးပွားရေးတွင် သိသာထင်ရှားသော ထိခိုက်ပျက်စီးမှုများနှင့် နည်းပညာပိုင်းဆိုင်ရာ ဆုတ်ယုတ်မှုများကို ကြုံတွေ့ခဲ့ရသည်။

ထို့ပြင် စစ်ပွဲသည် အိမ်တံခါးဝသို့ ပိုမိုနီးကပ်လာခဲ့သည်။ ယနေ့တွင် ယူကရိန်းဒရုန်းများသည် ရုရှားနိုင်ငံအတွင်းပိုင်း အလှမ်းဝေးသောနေရာများအထိ ရောက်ရှိလာနေသည်။ ရေနံချက် စက်ရုံ များနှင့် အခြားစွမ်းအင် အခြေခံအဆောက်အအုံများသည် ပုံမှန်ပစ်မှတ်ထားခြင်း ခံနေရသည်။ ပြီးခဲ့သည့်လက မော်စကိုဒေသသို့ ယူကရိန်း၏ အကြီးအကျယ် ဒရုန်းဖြင့် တိုက်ခိုက်မှုက ရုရှားမြို့တော်တစ်ဝိုက်ရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဖောက်ထွင်းနိုင်ကြောင်း ထင်ရှားစေခဲ့သည်။

တိုက်ခိုက်ခံရမည်ကို စိုးရိမ်ရသည့်ကြားမှ မေလ ၉ ရက်နေ့က ရင်ပြင်နီ (Red Square) တွင် ပြုလုပ်ခဲ့သည့် နှစ်ပတ်လည် အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားကို လျှော့ချကျင်းပခဲ့ရသည်။

လေးနှစ်ကျော်ကြာ စစ်ပွဲနှင့် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှု ပေါင်းထောင်ချီတို့သည် ရုရှား၏ စီးပွားရေးအပေါ် ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့သည်။ ဘတ်ဂျက်လိုငွေပြမှု ပိုမိုကြီးမားလာပြီး စီးပွားရေးမှာလည်း တန့်နေခဲ့သည်။

ယင်းစိန်ခေါ်မှုများကို ကရင်မလင်က မည်သို့တုံ့ပြန်ခဲ့သနည်း။

“အထူးစစ်ဆင်ရေး” ကို လျှော့ချခြင်းဖြင့် မဟုတ်ပေ။

လုံးဝမဟုတ်ပါ။

ယူကရိန်းမြို့ကြီးများအပေါ် မကြာသေးမီက ရုရှား၏ အကြီးအကျယ် လေကြောင်း စီးနင်းတိုက်ခိုက်မှုများကို ကြည့်ခြင်းအားဖြင့် တုံ့ပြန်မှုမှာ စစ်ရေးအရှိန်မြှင့်တင်ခြင်းသာ ဖြစ်သည်။

ကရင်မလင်အနေဖြင့် ယင်းအတွက် တာဝန်ရှိမှုကို လက်ခံသည်တော့ မဟုတ်ပေ။ ၎င်းက ရုရှားထိန်းချုပ်ထားသော စတာရိုဘီလ်စ်ခ် (Starobilsk) မြို့ရှိ ကောလိပ်အဆောင် တစ်ခုကို မကြာသေးမီက ယူကရိန်းဘက်က တိုက်ခိုက်ခဲ့မှုအပေါ် ရုရှားက ပြန်လည် တုံ့ပြန်ခြင်း ဖြစ်သည်ဟု ဆိုကာ ကီးဗ်အပေါ် ပြစ်တင်ဝေဖန်ထားသည်။ တရားဝင်စာရင်းများအရ ထိုနေရာတွင် ကျောင်းသား ၂၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယူကရိန်းစစ်တပ်ကမူ စတာရိုဘီလ်စ်ခ်ရှိ ရုရှား၏ အထူးရူဘီကွန် (Rubicon) ဒရုန်း စစ်ဆင်ရေးတပ်ဖွဲ့ ဌာနချုပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းသည် ရုရှားက ပြောဆိုထားသည့် အဆောက်အအုံနှင့် အတူတူပင်ဖြစ်မဖြစ်ကိုမူ ထည့်သွင်း ပြောကြားခြင်းမရှိပေ။

တိုက်ပွဲများ အဆုံးသတ်ရန်မှာမူ ယခင်ကထက်ပင် ပိုမိုဝေးကွာနေပုံရသည်။

လွန်ခဲ့သည့်နှစ်များတွင် သမ္မတ ပူတင်သည် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဖိုရမ်၌ တက်ရောက်လာမှုကို အသုံးပြု၍ ၎င်း၏ လက်ရှိကမ္ဘာ့အမြင်ကို ထုတ်ဖော်ပြသ လေ့ရှိပြီး အနောက်နိုင်ငံများအပေါ် ပြစ်တင်ဝေဖန်မှုများကို ထပ်ခါတလဲလဲ ပြုလုပ်လေ့ ရှိသည်။ စိန့်ပီတာစဘတ်တွင် ၎င်းအနေဖြင့် နိုင်ငံတကာသတင်းဌာနများမှ အယ်ဒီတာ ချုပ်များနှင့် တွေ့ဆုံကာ အဓိကမိန့်ခွန်းတစ်ရပ် ပြောကြားလိမ့်မည်ဟု မျှော်လင့်ရသည်။

၎င်းအနေဖြင့် ယခုနှစ်ဖိုရမ်ကို အသုံးပြု၍ ယူကရိန်းအပေါ် သဘောထားပြောင်းလဲမှုကို အရိပ်အမြွက်ပြသလာမည်လော။ အပြောင်းအလဲရှိမည်ဟု ညွှန်ပြနေသည့်အရာ ယခုအချိန်အထိ မရှိသေးပေ။

သို့သော်လည်း ရုရှားပြည်တွင်း၌မူ စစ်ပွဲကို အဆုံးသတ်ရန် အချိန်တန်ပြီလားဆိုသည့်အပေါ် လူထုအကြား ဆွေးနွေးငြင်းခုံမှုများ တိုးပွားလာသည့် လက္ခဏာများ ရှိနေသည်။

နိုင်ငံ၏ တင်းကျပ်စွာ ထိန်းချုပ်ထားသော မီဒီယာလောကတွင်ပင် ယင်း၏ သက်သေ အထောက်အထားအချို့ကို ကျွန်ုပ်မြင်တွေ့နေရသည်။

နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအသိုင်းအဝိုင်းနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် Russia In Global Affairs ဂျာနယ်တွင် နိုင်ငံရေးသိပ္ပံပညာရှင် ဗာဆီလီ ကာရှင် (Vasily Kashin) က မကြာသေးမီက “ယူကရိန်းရှိ ရုရှားဆန့်ကျင်ရေး အစိုးရကို အမြစ်ပြတ်ချေမှုန်းမယ့် ရည်မှန်းချက်ဟာ လက်ရှိအခြေအနေမှာ အနောက်ဘက်ပိုင်းအပါအဝင် တစ်နိုင်ငံလုံးကို အချိန်အတော်ကြာ စစ်ရေးအရ အလုံးစုံသိမ်းပိုက်ထားနိုင်ခြင်းမရှိဘဲနဲ့ အခြေခံအားဖြင့် မအောင်မြင်နိုင်ပါဘူး။ ရုရှားအတွက် ဒါဟာ နည်းပညာအရ မဖြစ်နိုင်ပါဘူး” ဟု ကောက်ချက်ချ ရေးသားခဲ့သည်။

ရက်အနည်းငယ်အကြာတွင် ကရင်မလင်လိုလားသော သတင်းစာတစ်စောင်ဖြစ်သည့် Moskovsky Komsomolets က နိုင်ငံရေးဝေဖန်သုံးသပ်သူ အလက်ဇန်းဒါး နိုဆိုဗစ်ချ် (Alexander Nosovich) ၏ စကားကို ကိုးကားဖော်ပြခဲ့ရာတွင် — “ကျွမ်းကျင်သူ အသိုင်းအဝိုင်းဟာ အထူးစစ်ဆင်ရေးကို ရည်မှန်းချက်တွေ အောင်မြင်တဲ့အထိ ဆက်လက် လုပ်ဆောင်လိုသူတွေနဲ့၊ အဆိုးရွားဆုံးအခြေအနေဟာ ရှုံးနိမ့်ခြင်း မဟုတ်ဘဲ အဆုံးမရှိတဲ့ အထူးစစ်ဆင်ရေးကြီး ဖြစ်နေတာကြောင့် အခုအချိန်မှာ အဆုံးသတ်သင့်ပြီလို့ ယုံကြည် သူတွေအကြား ကွဲပြားနေပါတယ်” ဟု ပါရှိသည်။

အဆိုပါသတင်းစာတွင်ပင် ရှေ့နေ ဒီမီထရီ ခရက်စ်နော့ဗ် (Dmitry Krasnov) က ရုရှားသမိုင်းတစ်လျှောက်တွင် “စစ်ရှုံးတာတွေနဲ့ အရှက်ရဖွယ် စစ်ပြေငြိမ်းမှုတွေကပဲ အသစ်တဖန် အောင်မြင်မှုတွေ၊ ပြုပြင်ပြောင်းလဲမှုတွေနဲ့ မမျှော်လင့်ဘဲ အောင်ပွဲသစ်တွေကို ပုံမှန်ဦးတည်စေခဲ့တာ ဖြစ်ပါတယ်… ကြီးမားတဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ ဆုံးရှုံးမှုတွေဟာ တစ်ခါတရံမှာ တောက်ပတဲ့ အောင်ပွဲတွေထက် ပိုပြီးအကျိုးရှိတတ်ပါတယ်” ဟု ငြင်းခုံရေးသားခဲ့သည်။

ရုရှားကို အောင်နိုင်သူများနှင့် အောင်ပွဲများ၏ နိုင်ငံဟူသော အယူအဆအပေါ်တွင် အမျိုးသားရေးစိတ်ဓာတ်ကို ပုံဖော်ထားသည့် နိုင်ငံတစ်ခုတွင် ယခုကဲ့သို့သော ဆောင်းပါးမျိုး ပုံနှိပ်ဖော်ပြခံရသည်ကို တွေ့ရခြင်းမှာ အံ့အားသင့်စရာပင် ဖြစ်သည်။

ယင်းသည် ရုရှားအနေဖြင့် ၎င်း၏ ရည်မှန်းချက်များ မအောင်မြင်ဘဲ ယူကရိန်းအပေါ် ဆင်နွှဲနေသော စစ်ပွဲကို အဆုံးသတ်သင့်သည်ဟု အရိပ်အမြွက် ပြသနေခြင်းလော။

ရက်အနည်းငယ်အကြာတွင် ကျွန်ုပ်သည် အဆိုပါဆောင်းပါးကို အွန်လိုင်းတွင် ထပ်မံဖတ်ရှုရန် ကြိုးစားခဲ့သည်။

“Error 404. Page not found” (အမှားအယွင်း ၄၀၄။ စာမျက်နှာကို ရှာမတွေ့ပါ) ဟူ၍သာ ကျွန်ုပ်၏ ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့သည်။ ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ခံလိုက်ရပြီ ဖြစ်သည်။

ဆွေးနွေးငြင်းခုံမှုများ ရှိနိုင်သော်လည်း ယင်းတွင် ရှင်းလင်းပြတ်သားသော ကန့်သတ်ချက်များ ရှိနေသည်မှာ အသေအချာပင် ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 71 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက