ဇွန်လ (၁၁)ရက်။
ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ထန်တလန်မြို့နယ်ရှိ CDF-Zophie ဌာနချုပ်ကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။
ဇိုဖေးဒေသအခြေစိုက် CDF-Zophie ဌာနချုပ်ကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့ရာ ကျန်းမာရေးဌာနရဲ့ အတွင်းရေးမှူးဖြစ်သူ ဆရာမ Van Dawt Chin(ခ)ချင်းချင်း နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်းဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ (၄)ဦးထက်မနဲ ဒဏ်ရာရရှိခဲ့တယ်လို့ စစ်လော်ဘီတွေက ပြောဆိုထားကာ သက်ဆိုင်ရာတပ်ဖွဲ့ဘက်ကတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
မြေပြင်သတင်းတွေကလဲ CDF-Zophie ဌာနချုပ်အနီးကို စစ်တပ်က နေပြည်တော်၊ တံတားဦး၊ မကွေးနဲ့ ရှမ်းတဲလေတပ်စခန်းကနေ ဂျက်ဖိုက်တာတွေနဲ့ (၁၁)ကြိမ်ထက်မနဲ ဗုံးကြဲခဲ့တာလို့ ဖော်ပြထားပါတယ်။
အခုအခါ စစ်တပ်က ထပ်မံဗုံးကြဲမှာကို စိုးရိမ်တာကြောင့် ဌာနချုပ်နဲ့ အနီးတဝိုက်ရှိ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသထဲသတင်းတွေက ရေးသားထားပါတယ်။
ဒါ့အပြင် စစ်တပ်က ချင်းတောင်ပိုင်းနဲ့ မြောက်ပိုင်းရှိ ဒေသတွေကို လေကြောင်းတိုက်ခိုက်ကာ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လဲ သိရပါတယ်။









