ဇွန်လ (၁၂)ရက်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ ISP-MYANMAR ဦးဆောင်သူ ဦးမင်းဇင်ကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ISP-MYANMAR ဦးဆောင်သူ ဦးမင်းဇင်ဟာ အခုလပထမအပတ်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ ကူမင်းမြို့မှာ ရှိနေချိန် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
ဦးမင်းဇင်ကို တရုတ်အာဏာပိုင်တွေက နိုင်ငံတော်လုံခြုံရေးထိခိုက်စေတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာလို့ သတင်းတွေက ဖော်ပြထားပါတယ်။
နောက်ပြီး ဦးမင်းဇင်ဟာ အမေရိကန်နိုင်ငံသားဖြစ်ပြီး အမေရိကန်နဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံစလုံးမှာ နေထိုင်ဖူးသလို အခုအခါ ထိုင်းနိုင်ငံမှာ နေထိုင်နေတာလို့ ရေးသားထားကြပါတယ်။
ဒီလိုအမေရိကန်နိုင်ငံသားတဦး ဖမ်းဆီးခံရတာကို ကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလဲ သိရှိထားပြီး သင့်တော်တဲ့ ကောင်စစ်ဝန်ဆိုင်ရာ အကူအညီတွေပေးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောဆိုထားပါတယ်။
ဦးမင်းဇင်ဟာ Berkeley ရှိ California တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံပါရဂူဘွဲ့သင်တန်း တက်ရောက်နေသူဖြစ်ပြီး စစ်-အရပ်ဘက် ဆက်ဆံရေး၊ ဒီမိုကရေစီကူးပြောင်းရေးနဲ့ လူမျိုးရေးပဋိပက္ခတွေကို အဓိငလေ့လာနေသူတဦးဖြစ်တယ်လို့ သိရပါတယ်။








