ဇွန်လ (၁၃)ရက်။
ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ကို စည်းမျဉ်းစည်းကမ်းတွေအတိုင်း စုံစမ်းစစ်ဆေးနေတယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရဲဘော်မုန်တိုင်းဟာ ကာမပိုင်အမျိုးသမီးတဦးနဲ့ ဖောက်ပြန်တာအပါအဝင် တပ်ထဲ စည်းလုံးမှုပျက်ပြားလာတာကြောင့် တပ်ဖွဲ့စည်းတာကို ပြင်ဆင်ပြီး အပြစ်ပေးအရေးယူခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီပြစ်မှုအတွက် ရဲဘော်မုန်တိုင်းကို အချုပ်ပြစ်ဒဏ် (၆)လသာ ကျခံစေကာ စစ်ဆင်ရေးကိစ္စတွေကလွဲပြီး ကျန်လုပ်ငန်းတွေကနေ အနားပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် ရဲဘော်မုန်တိုင်းဟာ မဟာမိတ်နယ်မြေတခုမှာ အချုပ်ပြစ်ဒဏ်ကို အပြည့်အဝ မခံယူဘဲ ရှောင်လွဲခဲ့ကာ တပ်ဖွဲ့ရဲ့ အုပ်ချုပ်ရေးကိစ္စတွေ ဝင်ရောက်စွက်ဖက်တာနဲ့ မလိုအပ်တဲ့ ပြဿနာတွေ ဆက်တိုက်ပေါ်ပေါက်ခဲ့တယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး သူဟာ ပြစ်ဒဏ်ကျခံနေရတဲ့ကာလထဲ ရဲဘော်နိုင်ကြီးနဲ့ တပ်ဖွဲ့ပိုင် ဘဏ္ဍာငွေကြေးနဲ့ ရွှေ (၁၆.၆)ပိဿာကို စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ကာ တရားမဝင် ထုတ်ယူခဲ့တယ်လို့ သိရပါတယ်။
ဒီလိုကျူးလွန်တာတွေကို ကာယကံရှင် (၂)ဦးစလုံးက ဝန်ခံခဲ့သလို အမြန်ဆုံး ပြန်လည်အပ်နှံမှာဖြစ်သလို ပြစ်မှုအတွက် ပေးအပ်တဲ့ ပြစ်ဒဏ်ကို ခံယူမှာဖြစ်တယ်လို့ ကတိပေးပြောဆိုခဲ့တာပါ။
ဒီလိုပြောဆိုခဲ့ပေမယ့် ကျခံရမယ့် အပြစ်ဒဏ်ကို မခံယူဘဲ အကြောင်းအမျိုးမျိုးပြကာ ရှောင်လွှဲတာအပြင် ရွှေတွေကိုလဲ ပြန်လည်အပ်နှံတာမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
ဒီအခြေအနေတွေဟာ သူတို့ (၂)ဦးအနေနဲ့ ပြစ်မှုတွေကို တခုပြီးတခု ကျူးလွန်တဲ့ပုံစံ ဖြစ်လာတာကြောင့် သာမန် စည်းကမ်းချိုးဖောက်တဲ့အဆင့်ကို ကျော်လွန်ပြီး ကြီးမားတဲ့ ပြစ်မှုအမျိုးအစားအဆင့်ကို ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ရဲဘော် မုန်တိုင်းနဲ့ နိုင်ကြီးကို တာဝန်အားလုံးကနေ ရပ်ဆိုင်းတာ၊ လက်နက်ဖြုတ်သိမ်းပြီး အချုပ်နဲ့ ထိန်းသိမ်းထားခဲ့ကာ အဲ့ဒီအချိန်ဟာ တပ်ဖွဲ့အနေနဲ့ စဉ့်ကူးနဲ့ မတ္တရာတို့ကနေ ခွာစစ်ဆင်နေတာလို့ ဆိုပါတယ်။
ဒါ့အပြင် အဲ့ဒီကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ အဖွဲ့ဝင် (၅)ဦးပါတဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကာ တိုင်ကြားသူနဲ့ တိုင်ကြားခံရသူတွေအပါအဝင် သက်သေ (၂၀)ဦးခန့်ကို စစ်ဆေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီနောက် မေလ(၂၉)ရက်မှာ ခုံရုံးက အချက် (၈)ချက်ပါတဲ့ ကြားဖြတ်အစီရင်ခံစာတစောင်ကို MOD ထံ တင်ပြခဲ့ပြီး ဘဏ္ဍာရေးဆိုင်ရာတွေမှာ တဦးထဲ စီမံတာ၊ စာရင်းဇယားတွေ ဖျက်ဆီးတာတို့ ပါဝင်ပါတယ်။
အခုအခါ ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ကို စစ်ဘက်ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ အသိပေးထားပါတယ်။
MOD အနေနဲ့လဲ PDF စစ်ရုံးချုပ်အပါအဝင် တိုင်းစစ်ဌာနတွေ၊ ဗျူဟာတွေ၊ တပ်ရင်းတပ်ဖွဲ့တွေရဲ့ ကိစ္စတွေကို သတ်မှတ်လုပ်ငန်းစဉ်တွေနဲ့အညီ ဖြစ်စေဖို့ ထိန်းကျောင်းကြပ်မတ်တာကို အစွမ်းကုန် ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








