ဇွန်လ (၁၃)ရက်။
ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်ထဲ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းတပ်သား (၆၀၀၀၀)ကျော်ကို စုဆောင်းရရှိခဲ့တယ်လို့ MDSI ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်တပ်ဟာ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် လတိုင်း ပျမ်းမျှ စစ်မှုထမ်းတပ်သား (၄၇၀၀)နဲ့ အခြေခံတပ်သား (၄၀၀)နီးပါးခန့်ကို စုဆောင်းရရှိခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတပ်သားသစ်အရေအတွက်ဟာ စစ်တပ်ရဲ့ အာဏာမသိမ်းခင် ၂၀၂၀ခုနှစ်က စုဆောင်းရရှိခဲ့တဲ့ အင်အားထက် (၆)ဆအထိ ဖြစ်တာကို တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး လေ့လာစောင့်ကြည့်တဲ့ မှတ်တမ်းတွေအရ အခု ခြေလျင်တိုက်ခိုက်ရေးတပ်တွေရဲ့ စစ်ထွက်အင်အား (၈၅)ရာခိုင်နှုန်းဟာ ပြည်သူ့စစ်မှုထမ်းတပ်သားတွေ ဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းတပ်သားတွေကို အခြေပြုပြီး အင်အားအများအပြားနဲ့ နိုင်ငံတဝှမ်း တန်ပြန်ထိုးစစ်တွေကို ဖော်ဆောင်လာတာလို့ ပြောဆိုထားပါတယ်။
ဒါဟာ စစ်မှုထမ်းဥပဒေကို အသုံးချပြီး ပြည်သူအချင်းချင်း ပြန်လည်ထိပ်တိုက်ရင်ဆိုင်စေတဲ့ စစ်နည်းဗျူဟာနဲ့ အာဏာသိမ်း ဗိုလ်ချုပ်ကြီးတွေကို အကျိုးဖြစ်စေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုအခါ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းဥပဒေကို တရားမဝင် အသက်သွင်းပြီးနောက် (၂)နှစ်ကျော်ထဲ စစ်မှုထမ်းအပတ်စဉ် (၂၅)ခုအထိ ဖွင့်လှစ်ထားကာ အပတ်စဉ် (၂၃)အထိ သင်တန်းဆင်းထားတယ်လို့ သိရပါတယ်။








