စစ်အုပ်စုရဲ့ လိမ်လည်တာတွေကို နားမယောင်ဘဲ ဆက်လက်တော်လှန်ဖို့ တိုက်တွန်းထား
ဇွန်လ (၁၃)ရက်။
CDF-Zophie ဌာနချုပ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အပေါ် ပြင်းပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဇိုဖေရမ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဇိုဖေရမ်ကောင်စီရုံးစိုက်ရာနေရာဖြစ်တဲ့ CDF-Zophei ဌာနချုပ်ကို စစ်တပ်က ဂျက်ဖိုက်တာ (၈)စီးနဲ့ (၁၅)ကြိမ်ထက်မနဲ ပေါင် ၅၀၀ ဗုံးသီး (၁၁)လုံးအပါအဝင် ဗုံးအလုံးရေ(၆၀)ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်တွင်းပဋိပက္ခမှာ ရက်စက်ကြမ်းကြုတ်စွာ လေကြောင်းတိုက်ခိုက်တာ ပြုလုပ်တဲ့အပေါ် ဇိုဖေရမ်ကောင်စီ(Zopheiram Council)က ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက် မင်းအောင်လှိုင်ဟာ နိုင်ငံတကာ အသိအမှတ်ပြုဖို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ တွေ့ဆုံချိန် အဖွဲ့ပေါင်းစုံနဲ့ တွေ့ဆုံပြီး နိုင်ငံရေးအရ အဖြေရှာဖို့ ပြောကြားခဲ့ပေမယ့် လက်တွေ့မြေပြင်မှာ လက်နက်အားကိုးပြီး ထိုးစစ်အရှိန်မြှင့်နေတယ်လို့ ဆိုထားပါတယ်။
နောက်ပြီး အကြမ်းဖက်စစ်အုပ်စုဟာ ပြည်တွင်းပဋိပက္ခကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ မကြိုးစားဘဲ လက်နက်အားကိုးနဲ့ နေ့တိုင်း ဗုံးကြဲတိုက်ခိုက်နေတာကို တွေ့မြင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လိမ်လည်တာတွေကို နားမယောင်ဘဲ ဆက်လက်တော်လှန်တိုက်ပွဲဝင်ကြဖို့နဲ့ တော်လှန်ရေးမှာ ဆက်လက်ထောက်ခံအားပေးကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အဲ့ဒီလုပ်ရပ်ကို ချင်းတစ်မျိုးသားလုံးနဲ့ ပြန်လည်တုံ့ပြန်မှာဖြစ်ပြီး တပ်အင်အား ဆက်လက်စုစည်းတာ၊ ပြန်လည်နေရာချတာတွေ ပြုလုပ်နေပြီး အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။
ဖြစ်စဉ်ထဲ ဇိုဖေရမ်အစိုးရ ကျန်းမာရေးဌာန အတွင်းရေးမှူး မိုင်ဗန်ဒေါ့သ်ချင်း ကျဆုံးခဲ့ပြီး (၃)ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကာ ဒဏ်ရာရ ရဲဘော်များတွေကို လုံခြုံတဲ့နေရာမှာ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။








