ဇွန်လ (၁၅)ရက်။
မေလနဲ့ အခုလပထမအပတ်ထဲ မန္တလေးတိုင်းစစ်ဆင်ရေးနယ်မြေမှာ ပြောက်ကျားတိုက်ပွဲပေါင်း (၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ PDF စစ်ရုံးချုပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီပြောက်ကျားတိုက်ပွဲတွေထဲ စစ်ကော်မရှင်တပ်ဖွဲ့ဝင် (၁၈)ဦးသေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေးနယ်မြေထဲ ပြောက်ကျားတိုက်ပွဲတွေသာမက စစ်ကော်မရှင်ယာဉ်တန်းတွေကို (၃)ကြိမ် ခြုံခိုတိုက်ခိုက်ခဲ့ရာ အမှတ်(၁၃)စစ်တပ်တန်းမြင့်လေ့ကျင့်ရေးကျောင်းက ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်နိုင်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး မန္တလေးကနေ စစ်ကိုင်းအထက်ပိုင်းနဲ့ ကချင်ဘက်ကို ထိုးစစ်ဆင်နေတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ အမှတ်(၄)လေကြောင်းချီတပ်မဟာ ကွပ်ကဲမှုဌာနချုပ် တပ်မဟာမှူး ဗိုလ်မှူးချုပ် သူရဝဏ္ဏလွင် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ သူရဝဏ္ဏလွင်နေရာကို အစားထိုးဝင်လာတဲ့ ဒုတပ်မဟာမှူးနဲ့ ဒရုန်းတပ်ဖွဲ့ကို ထပ်မံတိုက်ခိုက်ခဲ့ရာ ဒုတပ်မဟာမှူး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ထီးချိုင့်စစ်ဆင်ရေးထဲ ဦးဆောင်တိုက်ပွဲဝင်နေတဲ့ ခလရ(၄)တပ်ရင်းမှူး ဗိုလ်မှူးနေအောင်ထွန်းနဲ့ တပ်ကြပ် အောင်ဇော်ဇော်တို့ကိုလဲ မန္တလေးတိုင်းတနေရာမှာ သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် မြင်းခြံခရိုင်ထဲ စစ်ကော်မရှင်ဘက်က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်ရဲ့ လက်နက်ခဲယမ်းတင်လာတဲ့ ကား (၂)စီး မီးလောင်ခဲ့ကာ (၁၀)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
PDF အနေနဲ့ စစ်ကော်မရှင်ကို စစ်မျက်နှာတွေမှာ ရွံ့ရွံ့ချွံချွံ တိုက်ပွဲဝင်နေကာ ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ကူညီဖေးမကြဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။










