ဇွန်လ (၁၅)ရက်။
“ ကော်သူးလေ” တည်ထောင်ဖို့ကို အင်တိုက်အားတိုက် ကြိုးပမ်းတည်ဆောက်ကြဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက (၇၇)နှစ်မြောက် ကော်သူးလေနေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ တိုက်တွန်းထားတယ်လို့ သိရပါတယ်။
“ ကော်သူးလေနေ့” ဟာ “ ကော်သူးလေအစိုးရ” ဖွဲ့စည်း ထူထောင်ခဲ့တဲ့နေ့ဖြစ်သလို ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အုပ်ချုပ်ရေး လည်ပတ်ကာ ကရင်လူမျိုးတွေနဲ့ ဒေသခံတွေရဲ့ လိုအပ်ချက်နဲ့ အကျိုးကို သယ်ပိုး ဖြည့်ဆည်းပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။
လာမယ့် အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့ နေရာကဏ္ဍအသီးသီးမှာရှိနေကြတဲ့ အနာဂတ်မျိုးဆက်သစ်တွေကို မွေးထုတ်သွားကာ ကြိုးပမ်းတည်ဆောက်ကြဖို့ တိုက်တွန်းထားပါတယ်။
KNU အနေနဲ့ “ ကော်သူးလေ ကရင်ပြည်” ရရှိဖို့အတွက် တောင်းယူတာမဟုတ်တဲ့ အောက်ခြေပြည်သူလူထုကနေ ကိုယ်တိုင်အသိအမှတ်ပြုတဲ့ ခိုင်မာအားကောင်းတဲ့ တည်ဆောက်မှုနဲ့ အကောင်အထည်ဖော်နေတယ်လို့ အသိပေးထားပါတယ်။
ဒါ့ကြောင့် ဧပြီလ (၃)ရက်နေ့မှာ “ တော်လှန်ရေးကာလ ကော်သူးလေပဋိဥာဉ်” ကို အတည်ပြုခဲ့ပြီး “ တော်လှန်ရေးကာလ ကော်သူးလေအတိုင်ပင်ခံကောင်စီ” နဲ့ “ တော်လှန်ရေးကာလ ကော်သူးလေအုပ်ချုပ်ရေးကောင်စီ” ကို ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကောင်းမွန်တဲ့ ခေါင်းဆောင်မှု၊ ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု၊ လူထုလိုအပ်ချက် ဖြည့်ဆည်းမှု၊ လူထုလုံခြုံရေး၊ စီးပွားရေးနဲ့ အခြားရေးရာတွေကို ဖြည့်ဆည်းပေးနိုင်မှုတို့အပေါ် အခြေခံပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့်ရှိသော “ ကော်သူးလေ” ဆိုတဲ့ အသိအမှတ်ပြုတာကို တည်ဆောက်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








