ဇွန်လ (၁၆)ရက်။
မွန်ပြည်တော်လှန်ရေး ချာတာတရပ်ကို ရေးဆွဲနေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့ စတုတ္ထအကြိမ်ညီလာခံမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မွန်ပြည်တော်လှန်ရေး ချာတာတရပ်ကို မတူကွဲပြားတဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ လူထုအစုအဖွဲ့တွေအကြား တူညီတဲ့ ပြည်နယ်ကိုယ်စားပြုမှု ခိုင်မာဖို့နဲ့ တော်လှန်ရေးအင်အား တိုးတက်ခိုင်မာဖို့ နိုင်ငံရေး၊ စစ်ရေး အင်အားစုတွေနဲ့ ပူးပေါင်းကာ ရေးဆွဲနေတယ်လို့ ဆိုပါတယ်။
MSFC အနေနဲ့ အခုတော်လှန်ရေးကာလမှာ NUCC မှာ ပါဝင်ပြီး EROs တွေ၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်အဖွဲ့တွေနဲ့ ပူးပေါင်းကာ အသွင်ကူးပြောင်းရေးကာလဆိုင်ရာ အစီအမံ(AFTA) ရေးဆွဲရေးလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ညီလာခံကို ဇွန်လ (၁၃)ရက်နေ့နဲ့ (၁၄)ရက်နေ့တို့မှာ ကျင်းပခဲ့ကာ ကောင်စီတရပ်လုံးနဲ့ ကော်မတီ(၃)ရပ်ရဲ့ ရှေ့လုပ်ငန်းစဉ်တွေအပြင် ဖွဲ့စည်းပုံတွေကို ပြန်လည်အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုင်ငံရေး၊ စစ်ရေးလုပ်ငန်းစဉ်တွေ ပိုမိုထိရောက်စေဖို့ မဟာမိတ် တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်လက်ပူးပေါင်းပြီး စစ်အာဏာရှင်လက်အောက်က အပြီးတိုင် လွတ်မြောက်ဖို့ အပြင်းအထန် ကြိုးပမ်းမယ်လို့ အသိပေးထားပါတယ်။
MSFC ရဲ့ ထုတ်ပြန်ချက်ထဲ ပြည်သူတရပ်လုံး လိုလားတောင့်တနေတဲ့ ၂၀၀၈ဖွဲ့စည်းပုံကို ဖျက်သိမ်းဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ဖို့ ပြည်နယ်တွေ/ဖက်ဒရယ်ယူနစ်တွေနဲ့အတူ မဟာဗျူဟာနဲ့ နိုင်ငံရေးကဏ္ဍ၊ စစ်ရေး၊ နိုင်ငံခြားရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လဲ ပြောဆိုထားချက်အရ သိရပါတယ်။









