ဇွန်လ (၁၆)ရက်။
ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အကြမ်းဖက်စစ်တပ်ရဲ့ စောင့်ကြည့်တာတွေကြားထဲကနေ ရန်ကုန် နှင်းဆီတွေ ပေါ်ပေါက်လာပြန်ပြီဖြစ်ပါတယ်” လို့ ဆိုပါတယ်။
နှင်းဆီလှုပ်ရှားမှုကို ရန်ကုန်ရဲ့ အထင်ကရနေရာတွေ၊ လမ်းမကြီးတွေကနေ သယ်ဆောင်ပြီး စစ်အုပ်စုအခြေစိုက်နယ်မြေမှာ စစ်အာဏာရှင်ကြောက်တဲ့ နှင်းဆီပန်းတွေကို မြင်တွေ့နိုင်အောင် ကြိုးစားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်တဲ့ ဇွန်လ (၁၉)ရက်မှာ ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှုအနေနဲ့ ပြုလုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပါတယ်။
အဲ့ဒီလှုပ်ရှားမှုကို ကိုယ့်ဒေသနဲ့ လုံခြုံရေးအခြေအနေတွေအရ နှင်းဆီပန်း ဒါမှမဟုတ် ပန်းတမျိုးမျိုးကို ဘုရားတင်တာ၊ ပန်ဆင်တာနဲ့ ဝေငှတာတွေ ပြုလုပ်ကြဖို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် အွန်လိုင်းလှုပ်ရှားမှုအနေနဲ့ ပန်းဓါတ်ပုံတွေကို လူမှုကွန်ရက်ပေါ်မှာတင်ပြီး ပါဝင်ကြဖို့နဲ့ မြေပြင်သပိတ်တွေမှာလဲ နှင်းဆီပန်းတွေ ကိုင်ဆောင်ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တိုက်ပွဲဝင်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။















