ဇွန်လ (၁၇)ရက်။
မင်းအောင်လှိုင်အစိုးရရဲ့ ဆောင်ရွက်တာတွေနဲ့ နိုင်ငံနဲ့ကိုက်ညီတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ် လျှောက်လှမ်းတာတွေကို ထောက်ခံတယ်ဆိုပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က မနေ့က တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
တရုတ်အနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို အလေးထားကာ အခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာမရှိဘဲ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမှုနဲ့ နယ်မြေပိုင်ဆိုင်မှုကို အလေးထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ထဲ နှစ်ကြိမ်တွေ့ဆုံခဲ့ကာ အဲ့ဒီတွေ့ဆုံတာတွေကနေတဆင့် နှစ်နိုင်ငံနဲ့ ပြည်သူတွေအတွက် ကောင်းကျိုးတွေကို ဆောင်ကြဉ်းပေးပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာကောင်းတွေ ဖော်ဆောင်နိုင်ဖို့ ယုံကြည်တယ်ဆိုပြီး သူက ဆက်ပြောပါတယ်။
တွေ့ဆုံပွဲထဲ မင်းအောင်လှိုင်က တရုတ်သမ္မတရဲ့ ဖိတ်ကြားတာကို အလေးထားပြီး လာရောက်တာဖြစ်သလို အဓိကအနေနဲ့ မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေးရရှိဖို့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ တရုတ်က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖို့ ရည်ရွယ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
နောက်ပြီး မင်းအောင်လှိုင်ဟာ သူတာဝန်ယူတဲ့အချိန်မှာ စာမျက်နှာသစ်ဖွင့်မယ်လို့ ပြောဆိုခဲ့ကာ နိုင်ငံနဲ့ကိုက်ညီတဲ့ နိုင်ငံရေးစနစ်ကို သက်ဆိုင်သူအားလုံး လိုက်ပါနိုင်ဖို့ ကြိုးစားနေတယ်ဆိုပြီး ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။
အဲ့ဒီနောက် ပိုးလမ်းမစီမံကိန်း နှစ်နိုင်ငံ စီးပွားရေးစင်္ကြံ အောင်မြင်ဖို့ နယ်စပ်ဒေသ တည်ငြိမ်ဖို့ မဖြစ်မနေ ဆောင်ရွက်ဖို့လိုပြီး NCA လမ်းကြောင်းအတိုင်း ဆက်လက်အကောင်အထည်ဖော်နေတယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် တရုတ်သမ္မတက နှစ်နိုင်ငံအကြား အဆင့်မြင့်ခေါင်းဆောင်တွေအချင်းချင်း အပြန်အလှန်ခရီးစဉ်တွေ ဆောင်ရွက်ပြီး အာဆီယံနဲ့ ကုလသမဂ္ဂမှာ မြန်မာကို ဆက်လက်ရပ်တည်ထောက်ခံမယ်လို့ ပြောဆိုခဲ့ပါတယ်။
တရုတ်အနေနဲ့ AI နဲ့ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာတွေအတွက် ကူညီပေးမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ လိုအပ်တာမှန်သမျှကို ကူညီပေးသွားမယ်လို့လဲ ပြောဆိုခဲ့ပါသေးတယ်။
တွေ့ဆုံပွဲပြီးတဲ့နောက် နှစ်နိုင်ငံအကြား GSI၊ GCI နဲ့ GDI နားလည်မှုစာချွန်လွှာတွေအပါအဝင် သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ (၁၈)ခုကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








