CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်
နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ မီးခိုးလုံးများ နှင့် မီးတောက်များ အလိပ်လိုက် ထွက်ပေါ်နေသည်ကို ဓာတ်ပုံများတွင် မြင်တွေ့ရပြီး၊ မီးသတ် သမားများသည် မီးကို ထိန်းချုပ်နိုင်ရန် ဒေါမစ်ရှင် ကသီဒြယ် ဘုရားကျောင်း (Dormition Cathedral) ၏ မျှော်စင်များနှင့် အမိုးခုံးများအောက်တွင် အသည်းအသန် ငြှိမ်းသတ်ခဲ့ကြ ရသည်။
ယူကရိန်းလေတပ်၏ ထုတ်ပြန်ချက်အရ ရုရှားက အဝေးပစ်တိုက်ခိုက်ရေးဒရုန်း ၆၁၁ စင်းနှင့် ဒုံးကျည် ၇၀ စင်းတို့ဖြင့် ညတွင်းချင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ထိုတိုက်ခိုက်မှုအတွင်း ပေါက်ကွဲသံအမြောက်အမြားကို ကြားခဲ့ရကြောင်း CNN သတင်းထောက်တစ်ဦးက ပြောကြားသည်။
ဘုရားကျောင်းအတွင်းရှိ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ရှေးဟောင်းအမွေအနှစ်များနှင့် သန့်ရှင်း သောပစ္စည်းများကို အချိန်မီ ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသော်လည်း၊ အဆောက်အအုံဖွဲ့စည်းပုံ ပျက်စီးဆုံးရှုံးမှု အတိုင်းအတာအတိအကျကိုမူ မသိရသေးပေ။
မီးသတ်သမားများသည် မီးငြှိမ်းသတ်ရန် ညတွင်းချင်းမှသည် နံနက်ပိုင်းအထိ လုပ်ဆောင် ခဲ့ကြရပြီး ဒေသစံတော်ချိန် တနင်္လာနေ့ မွန်းတည့်ချိန်တွင် မီးငြိမ်းသွားခဲ့သည်။ ယူကရိန်း အရေးပေါ်ကယ်ဆယ်ရေးဌာနက အဆိုပါမီးလောင်မှုသည် ဒေါမစ်ရှင် ကသီဒြယ် ဘုရားကျောင်း အမိုး၏ စတုရန်းမီတာ ၈၀၀ ခန့်ကို ကူးစက်ပျက်စီးစေခဲ့ကြောင်း ပြောကြားကာ အဆောက်အအုံ ပျက်စီးမှုကို ပြသသည့် ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။
ကီးဗ်နှင့် ယူကရိန်းတစ်ဝန်းလုံးဆိုင်ရာ မက်ထရိုပိုလစ်တန် ဆရာတော် အီပီဖာနီးယပ်စ် (Metropolitan Epiphanius) က ထုတ်ပြန်ချက်တစ်ခုတွင် “ဒီသန့်ရှင်းမွန်မြတ်တဲ့ နေရာကြီး ပျက်စီးခြင်းကနေ ကင်းဝေးဖို့ ဆုတောင်းပေးကြပါ” ဟု တောင်းဆိုခဲ့သည်။ ယူကရိန်း အော်သိုဒေါ့စ်အသင်းတော်၏ အကြီးအကဲက ဆက်လက်၍ “ဒါဟာ လူသားမျိုးနွယ်အပေါ်၊ သမိုင်းအပေါ်နဲ့ ခရစ်ယာန်ဘာသာတရားအပေါ် ရုရှားက ကျူးလွန်တဲ့ နောက်ထပ် ရာဇဝတ်မှုတစ်ခုပဲ” ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် အမျိုးသားယဉ်ကျေးမှု၊ အနုပညာနှင့် ပြတိုက်ဝင်း အဆောက်အအုံတွင်လည်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး စတုရန်းမီတာ ၁,၀၀၀ ခန့်အထိ ကူးစက်သွားခဲ့ကြောင်း ယူကရိန်း အရေးပေါ်ကယ်ဆယ်ရေးဌာနက ဆိုသည်။
ယူကရိန်းနိုင်ငံပိုင် အရေးပေါ်ကယ်ဆယ်ရေးဌာန၏ အဆိုအရ မြို့တော်အပေါ် တိုက်ခိုက်မှု ကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးကာ ၃၀ ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ကီးဗ်မြို့မြောက်ပိုင်းရှိ အိမ်ထောင်စုပေါင်း ၁၄၀,၀၀ ခန့် လျှပ်စစ်မီးပြတ်တောက်သွားခဲ့ကြောင်း မြို့တော်ဝန် ဗီတာလီ ကလစ်ချ်ကို (Vitaliy Klitschko) က ပြောကြားသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်မူ ရုရှား၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ရသည်။
တနင်္လာနေ့ ထုတ်ပြန်ချက်တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့အနေဖြင့် “ကီးဗ်၊ ခါကိဗ် နှင့် ဒီနီပရိုပက်ထရော့ဗ်စ် မြို့ကြီးများရှိ ကာကွယ်ရေး-စက်မှုဇုန်အတွင်းမှ ပစ်မှတ်များ” ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြင်သစ်နိုင်ငံ၊ အီဗီယန် (Évian) မြို့တွင် ပြုလုပ်မည့် ဂျီဆဲဗင်း (G7) ထိပ်သီးအစည်းအဝေး မတိုင်မီ နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် လျင်မြန်ပြီး ထိရောက်သော တုံ့ပြန်မှုတစ်ခု ပေးရန် တိုက်တွန်းခဲ့သည်။
“ဒါဟာ ရုရှားက စစ်ပွဲကို ဆက်လုပ်ဖို့ ရည်ရွယ်ချက်ရှိနေတယ်ဆိုတာ ကမ္ဘာကို ပြသလိုက် တာပဲ” ဟု ဇလန်းစကီးက တိုက်ခိုက်မှုအပြီးတွင် X လူမှုကွန်ရက်ပေါ်၌ ရေးသားခဲ့သည်။ “G7 နိုင်ငံတွေဆီက တုံ့ပြန်မှုတစ်ခု ရှိလာဖို့က အရမ်းအရေးကြီးပါတယ်… ပြီးတော့ အဲဒီတုံ့ပြန်မှု ဟာ ပြတ်သားပြီး ထိရောက်မှုရှိရပါမယ်။ ကျူးကျော်သူအပေါ် ပိုပြီး ဖိအားပေးဖို့နဲ့ ယူကရိန်း ရဲ့ လေကြောင်းရန်ကာကွယ်ရေးအတွက် ပိုပြီး ပံ့ပိုးပေးဖို့ပါပဲ” ဟု ၎င်းက ဆက်လက် ပြောခဲ့သည်။
ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိန်း (Ursula von der Leyen) ကလည်း မကြာမီမှာပင် X ပေါ်၌ ရေးသားကာ ရုရှား၏ “ပြင်းထန်သော တိုက်ခိုက်မှုများ” ကို ရှုတ်ချခဲ့ပြီး ခေါင်းဆောင်များအကြား ဆွေးနွေးသွားမည်ဟု ကတိပြုခဲ့သည်။
“ဒီနေ့မှာပဲ G7 ခေါင်းဆောင်တွေ အီဗီယန်မြို့မှာ တွေ့ဆုံကြပါတယ်။ ရုရှားအပေါ် ဖိအားတွေ ပိုတိုးဖို့၊ (ရုရှားသမ္မတ ဗလာဒီမာ) ပူတင်ကို ဆွေးနွေးပွဲစားပွဲဝိုင်းဆီ ခေါ်ဆောင်လာဖို့နဲ့ ဒီလို အဓိပ္ပာယ်မဲ့တဲ့ သတ်ဖြတ်မှုတွေကို အဆုံးသတ်ဖို့ နောက်ထပ် လုပ်ဆောင်ရမယ့် အဆင့်တွေ ကို ကျွန်မတို့ ဆွေးနွေးသွားမှာပါ” ဟု သူမက ရေးသားခဲ့သည်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာ (Andrii Sybiha) ကလည်း ယခုနောက်ဆုံး တိုက်ခိုက်မှုအပြီးတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ယူရန် တောင်းဆိုခဲ့သည်။
‘ယူကရိန်းအနုပညာ၏ ပြောင်မြောက်လှသော လက်ရာမွန်’ကီးဗ်ပက်ချက်စ် လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်းသည် ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတစ်ခု ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် “ရုရှား၏ ထိုးစစ်ဆင်မှုကြောင့် ပျက်စီးမည့် အန္တရာယ်ရှိနေသဖြင့်” ၎င်းကို အန္တရာယ်ရှိနေသော ကမ္ဘာ့အမွေအနှစ်စာရင်း (World Heritage in Danger list) ထဲသို့ ထည့်သွင်းခဲ့သည်။
ယူနက်စကိုအဖွဲ့က တနင်္လာနေ့တွင် X ပေါ်၌ ထုတ်ပြန်ချက်တစ်ခုဖြင့် အဆိုပါတိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်။
“ဒီလို အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးရတာဟာ လူမှုအသိုင်းအဝိုင်းတွေအနေနဲ့ ပြန်လည် ကုစားရေးနဲ့ လူမှုစည်းလုံးညီညွတ်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ယဉ်ကျေးမှု၊ ပညာရေးနဲ့ ဘုံလူထုနယ်မြေတွေကို လက်လှမ်းမမီအောင် ပိတ်ပင်လိုက်သလိုပါပဲ” ဟု အဆိုပါအဖွဲ့က ပြောကြားခဲ့သည်။
၁၁ ရာစုတွင် စတင်တည်ထောင်ခဲ့ပြီး မြေပေါ်မြေအောက် ဘုရားကျောင်းများစွာ စုစည်းတည်ရှိနေသည့် ဤကျောင်းဝင်းကြီးသည် ယူကရိန်းပြည်သူအများစုအတွက် အဓိကကျသော ဝိညာဉ်ရေးရာနှင့် ယဉ်ကျေးမှုဗဟိုချက်ဖြစ်သလို အရေးပါသော ဘုရားဖူးနေရာလည်း ဖြစ်သည်။ ယူနက်စကို၏ မှတ်တမ်းတွင် ဤကျောင်းဝင်းကြီးကို “ယူကရိန်းအနုပညာရဲ့ ပြောင်မြောက်လှတဲ့ လက်ရာမွန်” အဖြစ် ဖော်ပြထားသည်။
ယူနက်စကို၏ အဆိုအရ ရာစုနှစ်ပေါင်းများစွာတစ်လျှောက် သူတော်စင်များ၏ ရုပ်ကလာပ်တော်များကို ဤမြေအောက်လိုဏ်ဂူများတွင် သင်္ဂြိုဟ်ခဲ့ကြကြောင်း သိရသည်။
ဇီလန်းစကီးက ဤတိုက်ခိုက်မှုကို “ခရစ်ယာန်ယဉ်ကျေးမှုအပေါ် ရုရှားက ယနေ့အထိ ကျူးလွန်ခဲ့တဲ့ အဆိုးရွားဆုံး ရာဇဝတ်မှုတွေထဲက တစ်ခု” အဖြစ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။
ယူကရိန်းသမ္မတရုံး ဒုတိယအကြီးအကဲ အိုလီနာ ကိုဗာစကာ (Olena Kovalska) ၏ အဆိုအရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းကို အလုံးစုံကျူးကျော်ဝင်ရောက်ခဲ့ပြီးကတည်းက ရုရှားသည် အရပ်ဘက်အခြေခံအဆောက်အအုံ ၃၃၈,၂၉၄ ခုကို ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထိုပျက်စီးသွားသောနေရာများထဲတွင် ဆေးရုံများနှင့် ပညာရေးအဆောက်အအုံ ထောင်ပေါင်း များစွာ၊ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံ ၁,၀၀၀ နီးပါးနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာရေးအဆောက်အအုံ ရာပေါင်းများစွာ ပါဝင်နေသည်။
ကုလသမဂ္ဂ ယူကရိန်းလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRMMU) ၏ အဆိုအရ ပြီးခဲ့သည့်လသည် ၂၀၂၂ ခုနှစ် ဧပြီလနောက်ပိုင်း ယူကရိန်းတွင် အရပ်သားသေဆုံးမှု အများဆုံးလဖြစ်ခဲ့သည်။
မော်စကိုက လွန်ခဲ့သော ၄ နှစ်ကျော်က စတင်ခဲ့သည့် ဤစစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းမှု များနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဆွေးနွေးခဲ့ကြောင်း ဇီလန်းစကီးက ပြောကြားခဲ့ပြီးနောက် ယခုတိုက်ခိုက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ ကရင်မလင်၏ အဆို အရ ထရမ့်သည် တနင်္ဂနွေနေ့က ပူတင်နှင့်လည်း စကားပြောဆိုခဲ့ကြောင်း သိရသည်။
“ယူကရိန်းပြည်သူအားလုံးမှာ သမ္မတထရမ့်ထံကနေ မျှော်လင့်တဲ့ ဆန္ဒတစ်ခုပဲ ရှိပါတယ်၊ ဒါကတော့ ကျွန်တော်တို့ နောက်ဆုံးမှာ ငြိမ်းချမ်းရေးကို ရရှိဖို့ဖြစ်ပြီး၊ ဒီအောင်မြင်မှုကို အမေရိကန်အပါအဝင် ကျွန်တော်တို့ရဲ့ မိတ်ဖက်အားလုံးနဲ့အတူ လက်တွဲဖော်ဆောင်ချင်တာပဲ ဖြစ်ပါတယ်” ဟု ဇလန်းစကီးက တနင်္ဂနွေနေ့တွင် X ပေါ်၌ ရေးသားခဲ့သည်။


၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်က ကီးဗ်မြို့တွင် ရုရှား၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုကြောင့် ထိမှန်မီးလောင်ခဲ့သည့် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ဒေါမစ်ရှင် ကသီဒြယ်ဘုရားကျောင်း၌ မီးသတ်သမားများ လုပ်ဆောင်နေစဉ်။ (ဓာတ်ပုံ – Ukrainian Culture Ministry/Handout/Reuters)







