ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ဆက်သွယ်ရေး အိတ်ချိန်းရုံးဟာ ဒီကနေ့ ဖေဖေါ်ဝါရီ (၇) ရက် မနက် ၁၀ နာရီ ၄၅ မိနစ်မှာမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး တနိုင်ငံလုံး ဖုန်းခေါ်ဆိုမှုများနဲ့ အင်တာနက်များ ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။
ဖုန်းလိုင်းတွေက နယ်မြို့များမှာပါ ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကာ အင်တာနက်လိုင်းများလည်း လုံးဝ အသုံးပြု၍ မရတော့ခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။ အမ်ပီတီ၏ Call Center များလည်းအသုံးပြု၍မရတော့သလို အခြားဖိုင်ဘာအင်တာနက်လိုင်းများ ၊ မိုဘိုင်းနဲ့ ကြိုးဖုန်းဆက်သွယ်ရေးများပါ ပြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။
အမ်ပီတီအနေနဲ့ သုံးစွဲသူများထံ စာတို မက်ဆေ့ပို့ကာ အကြောင်းကြားထားပြီး အမြန်ဆုံးပြုပြင်နေကြောင်း အကြောင်း ကြားစာများ ပေးပို့ထားတယ်လို့ သိရပါတယ်။ မီးသတ်တပ်ဖွဲ့ ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ အမှတ် (၅)ရပ်ကွက် ကမ္ဘာအေးဘုရားလမ်း အမ်ပီတီ အိတ်ချိန်းရုံး မီးလောင်ကျွမ်းတဲ့အတွက် မီးသတ်ယာဉ်တွေနဲ့ သွားရောက် ငြိမ်းသတ်ခဲ့ရတယ်လို့သာ ပါရှိပြီး မီးလောင်ရတဲ့အကြောင်းအရင်းကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
Photo – CRD – CJ