ကွင်းအတွင်း လူမျိုးရေးခွဲခြားမှုအပေါ် စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ အာဏာပိုင်တွေက အရေးယူဆောင်ရွက် ခြင်းမရှိတဲ့အပေါ် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဗီနီဆီးယက်စ် စိတ်ပျက်နေပါတယ်။ ဗီနီဆီးယက်စ်ဟာ မာယော့ကာနဲ့ရင်ဆိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ပရိသတ်တွေရဲ့ လူမျိုးရေးခြားခြင်းကို ၆ ကြိမ်တိုင်တိုင် ရင်ဆိုင်ခဲ့တာပါ။
အဲဒီဖြစ်စဉ်အပေါ် ဗီနီဆီးယက်စ်က ကွင်းအတွင်း တာဝန်ရှိသူတွေထံ တိုင်ကြားခဲ့ပေမယ့် ဘာအရေးယူမှုမှ မလုပ်ခဲ့သလို စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ အာဏာပိုင်တွေကလည်း စုံစမ်းစစ်ဆေးမှုမျိုး တစ်ခုမှ မလုပ်ခဲ့ကြပါဘူး။ ဗီနီဆီးယက်စ်ဟာ ပြီးခဲ့တဲ့ ရာသီကလည်း မာယော့ကာပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားခြင်းခံခဲ့ရဖူးပါတယ်။
ဗီနီဆီးယက်စ်ဘောလုံးရချိန်မှာ ပရိသတ်တွေက မျောက်လို အော်ဟစ်တာ၊ ကွင်းထဲကို ငှက်ပျောသီးနဲ့ ပစ်ပေါက်တာတွေကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အာဏာပိုင်တွေရဲ့ အရေးယူမှုမပြုလုပ်တဲ့အပေါ် ဗီနီဆီးယက်စ်က “လူမျိုးရေးခွဲခြားမှုတွေဟာ ကမ္ဘာတဝန်းကကြည့်ရှုနေကြတဲ့ လာလီဂါလိုပြိုင်ပွဲတွေမှာတောင် ရှိနေဆဲပါ။ ဒါပေမယ့် လာလီဂါပြိုင်ပွဲတာဝန်ရှိသူတွေက ဘာအရေးယူမှုမှ မလုပ်ခဲ့ကြပါဘူး”လို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နာပေါ်မှာရေးသားဖော်ပြခဲ့ပါတယ်။
လာလီဂါပြိုင်ပွဲမှာ ဗီနီဆီးယက်စ်နည်းတူ ဘီဘာအိုတိုက်စစ်မှူး အီနာကီဝီလျံလည်း လူမျိုးရေးခွဲခြားခံခဲ့ရပြီး စပိန်ဘောလုံးအာဏာပိုင်တွေက ထိရောက်တဲ့ အရေးယူမှုမျိုးမပြုလုပ်ခဲ့တာကြောင့် ဝေဖန်စရာဖြစ်ခဲ့ရပါတယ်။