ဗမာကွန်မြူနစ်ပါတီ-ဗကပရဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်- PLA အနေနဲ့ အင်အားထောင်ချီ ရှိလာပြီလို့ မတ်(၇) ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
PLA တပ်မတော်ရဲ့ မတ်လ ၁၅ ရက်နေ့မှာ ပြလုပ်မယ့် PLA ပြန်လည် ထူထောင်မှု ၂ နှစ်ပြည့် အကြို ထုတ်ပြန်ချက်မှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ် ဝန်းကျင်မှာ ကျဆုံးခဲ့ရတဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ကို ၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ တိုင်း ရင်းသား တော်လှန်ရေး အင်အားစု တစ်ခုရဲ့ လွတ်မြောက်နယ်မြေ တစ်နေရာမှာ ရဲဘော် ၃၂ ဦးနဲ့ ပထမဆုံး စစ်သင်တန်း ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အခုအခါမှာ အင်အား ထောင်ချီ စုစည်း နိုင်ခဲ့ပြီး အမှတ်(၁) စစ်ဒေသ၊ အမှတ်(၂) စစ်ဒေသ၊ အမှတ်(၉) စစ်ဒေသ၊ တောင်ပိုင်း စစ်ဒေသနဲ့ မြို့ပြ လုပ်ငန်း ဒေသများကို တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် စစ်ဒေသ အများအပြား ကိုလည်း တိုးချဲ့ တည်ဆောဖို့ ဆောင်ရွက်နေပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လက်ရှိ PLA တပ်မတော်ဟာ စစ်ကိုင်းတိုင်းနဲ့ အခြေားသော စစ်တိုင်းတွေမှာ ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ အတူ ပူးပေါင်းလက်တွဲပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက် ချေမှုန်းနေတယ်လို့ သိရပါတယ်။