မတ်လ ၂၁ ရက် ဒီနေ့ Zoom နဲ့ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဒုတိယအကြိမ် ဗဟိုကော်မတီ ကြားကာလ ပုံမှန်အစည်းအဝေးမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံမှာ မှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်လို့ သိရပါတယ်။
အဲဒီအစည်းအဝေးကို ဗဟိုကော်မတီဝင် ၄၀ ဦး၊ အရံဗဟိုကော်မတီဝင် ၁၃ ဦး၊ တိုင်းနဲ့ပြည်နယ် အလုပ်အမှုဆောင် ၂၁ ဦး၊ ဗဟိုရေးရာကော်မတီတွေက ၁၆ ဦး စုစုပေါင်း ၉၀ ဦး တက်ရောက်ခဲ့ကြောင်း ဗဟိုအလုပ်ကော်မတီ CWC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီနေ့အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်တဲ့အခါ တိုင်းရင်းသား လူမျိုးစုတွေရဲ့ သဘောဆန္ဒကို အလေးထားဆောင်ရွက်ဖို့ အပါအဝင် ဆုံးဖြတ်ချက် ၁၁ ချက်ကို ကန့်ကွက်သူမရှိ အတည်ပြု နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်း NLD ပါတီဝင် ၈၄ ဦး သေဆုံးခဲ့ပြီး ၁၂၃၂ ဦး အဖမ်းခံထားရပါတယ်။