တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ရဲသားတွေက မြို့ခံ ပြည်သူတွေကို အသွင်ယူဖမ်းဆီးမှုတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သူတို့နဲ့ ဘာမှမသက်ဆိုင်တဲ့ ယာဉ်ထိန်းရဲအလုပ်တွေ၊ စည်ပင်အလုပ်တွေကို ပုံစံပြောင်းပြီး ဝင်ရောက်စွပ်ဖက်နေကြသလို ပြည်သူတွေကိုလည်း အကြောင်းမဲ့ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် မြို့ခံတွေအနေနဲ့ ငွေကျပ် သောင်းနဲ့ချီ ဒဏ်ရိုက်ခံနေရကြောင်း၊ မြို့နဲ့ ကျေးရွာ အချို့က ဒေသခံတွေကို ဖမ်းဆီးပြီး ငွေကျပ် သိန်း ၅၀ ကနေ သိန်း ၁၀၀ အထိ ပေးရမယ်လို့ ခြိမ်းခြောက် တောင်းခံနေတာတွေရှိသလို မပေးနိုင်ရင်တော့ စစ်တပ်ထဲ ပို့ဆောင်ခံရမယ်လို့ ပြောဆိုတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြိတ်မြို့ပေါ်မှာ အခုလို ဖြစ်ရပ်မျိုး ဆိုင်ကယ်ဖမ်းဆီးတာတွေ၊ ငွေကြေးတောင်းခံတာတွေ၊ အကြောင်းမဲ့ ဖမ်းဆီးတာတွေက ခကြာခဏဆိုသလို ဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။
photo – Myeik News