စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က NLD အပါအဝင် ပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီးနောက် NLD ပါတီကလည်းကြေညာချက် တစောင်ထုတ်ပြန်ကြေညာခဲ့တယ်လို့သိရပါတယ်။
တည်ဆဲဥပဒေများကိုချိုးဖောက်ထားတဲ့ စစ်ကောင်စီအနေနဲ့ တရားဝင်မှုမရှိတဲ့အပြင် ပြည်သူလူထု အား ကိုယ်စားပြုမှုလည်းမရှိတာကြောင့် စစ်ကောင်စီရဲ့ လုပ်ကိုင်ဆောင်ရွက်ချက်မှန်သမျှဟာ တရားဝင်မှုမရှိဘူးလို့ NLD ဗဟိုအလုပ်ကော်မတီက အကြိမ်ကြိမ်ကြေညာထားပြီးဖြစ်ကြောင်းထုတ်ပြန်ဖော်ပြထားပါတယ်။
စစ်ကောင်စီ၏ လက်ဝေခံရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများကို ဖျက်သိမ်းခွင့်၊ အတည်ပြုခွင့်လုံးဝမရှိဘဲ ပြည်သူလူထု၏ မျှော်မှန်းချက်များ ပြည့်မီသည်အထိ ရနိုင်သည့်နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီက မတ်(၂၉)ရက်မှာ ထုတ်ပြန်လိုက်တာပါ။
ထုတ်ပြန်ချက်တွင် ၁၉၈၈ ခုနှစ်ဒီမိုကရေစီအရေးတော်ပုံကြီးမှ စတင်ပေါက်ဖွားလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် ပြည်သူလူထု၏မျှော်မှန်းချက်များနှင့် အကျိုးစီးပွားကိုသာ ဦးထိပ်ပန်ဆင်ဆောင်ရွက်လျက်ရှိကာ ပြည်သူလူထု၏အဆုံးအဖြတ်ကိုသာ ခံယူနေသောပါတီဖြစ်သည်နှင့်အညီ ပြည်သူရှိသ၍ ပါတီရှိနေမည်ဖြစ်ပြီး ပြည်သူလူထု၏ မျှော်မှန်းချက်များပြည့်မီသည်အထိ ရနိုင်သည့်နည်းလမ်းပေါင်းစုံတို့ဖြင့် ကြိုးပမ်းသွားမည် ဖြစ်ကြောင်းနှင့် ပြည်သူနှင့်တစ်သားတည်းရပ်တည်ပြီး ပြန်လည်မှတ်ပုံမတင်သော နိုင်ငံရေးပါတီများကိုလည်း အသိအမှတ်ပြုလေးစားကြောင်း ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းကတည်းက ပြည်သူလူထု၏မျှော်လင့်ချက်များကို ရိုက်ချိုးရန်နှင့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီကို ဖျက်ဆီးရေးရည်ရွယ်၍ ပါတီထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီး၊ မတရားအမှုများဆင်ကာ ထောင်ချခြင်းကို ဦးစွာ ဆောင်ရွက်ခဲ့ကြောင်း ကို ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
ထို့အပြင် ပါတီဝင်များကိုလည်း ဆက်တိုက်ဖမ်းဆီးလျက်ရှိရာ ယနေ့အထိ ၁၂၃၅ ဦးရှိပြီး၊ ပါတီဝင်၂၆ ဦး မှာ စစ်ကြောရေးစခန်းများနှင့် ထောင်တွင်းတွင် ကျဆုံးခဲ့ ရတယ်လို့ အသိပေးထုတ်ပြန်ဖော်ပြထားတာပါ။
အကြောင်းမဲ့သတ်ဖြတ်ခံရသူ ၆၃ ဦး ရှိပြီး ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သော ဦးဖြိုးဇေယျာသော်မှာ ကြိုးပေးသတ်ဖြတ်ခြင်းကို ခံခဲ့ရ တာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းဆည်းခံထားရသည့်အပြင် ၄၇ ဦးတို့၏ နေအိမ်များကိုလည်း ဝရမ်းကပ်ခံထားရပြီး ပါတီဗဟိုရုံးချုပ်အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးပေါင်း အကြိမ် ၁၂၀ ကျူးကျော်ဝင်ရောက်ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။