မတ်လ (၃၀) ရက်နေ့က ကလေးမြို့နယ်၊ လက်ပံချောင်းရွာအနီးကို စစ်ကောင်စီစစ်ကြောင်း ထိုးစစ်ဆင်သဖြင့် အနီးအနားနေ ရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များနဲ့လည်း အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။
မတ်လ (၃၀) ရက်နေ့မှာ လက်ပံချောင်း အနောက်ဖက်ကနေ စစ်ကြောင်းထိုးခဲ့ပြီး ဒီနေ့ မတ်လ (၃၁) ရက်နေ့မှာ လက်ပံချောင်း ရှေ့ဖက်ကနေ ပြောင်းပြီး စစ်ကြောင်းထိုးကြောင်း သိရှိရပါတယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတဲ့အတွက် ကျေးရွာက ပြည်သူတွေ ပြေးလွှားနေကြရကြောင်း သိရပါတယ်။ ဒေသခံကာကွယ်ရေးအဖွဲ့ HNB အပါအဝင် ဒေသခံကာကွယ်ရေးအဖွဲ့များနဲ့လည်း ဒီနေ့အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်နေကြောင်း သိရှိရပါတယ်။
ထို့အတူ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ညောင်ပင်သာရွာမှာလည်း စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်လာတဲ့အတွက် ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေရပြီး မိမိရွာကိုမီးရှို့ခံနေရခြင်းကို သွားရောက် မငြိမ်းသတ်ရဲဘဲ အဝေးမှပင် ရွာမီးလောင်နေခြင်းကို ရင်နာစွာနဲ့ ကြည့်နေရကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။
ဓာတ်ပုံ။ ဒေသခံများထံမှ ပေးပို့။
ဓာတ်ပုံစာ။ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ညောင်ပင်သာရွာ မီးလောင်နေစဉ်။