နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားတဲ့ အမှုတွေထဲက အမှုတချို့ အယူခံတက်ထားတာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဧပြီလ ၁၉ ရက် ဒီနေ့မှာ လက်ခံခဲ့ပြီး နှစ်ဖက်ကြားနာစစ်ဆေးဖို့ ရှိတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေ ဆီကသိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံအမှုအများစုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လက်မခံဘဲ ပယ်ချလေ့ရှိတာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူမှုနဲ့ သက်ဆိုင်တဲ့ အဂတိအမှုငါးမှု၊ ရွေးကောက်ပွဲ မသမာမှုစွပ်စွဲချက် ရာဇသတ်ကြီးပုဒ်မ- ၁၃၀ (က) အမှုနဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေပုဒ်မ – ၃ (၁) (ဂ) အမှုတွေကို နှစ်ဖက်ကြားနာဖို့ လက်ခံခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ကို နေပြည်တော်အချုပ်ထောင်အတွင်းက အဆောက်အအုံငယ်တစ်ခုမှာ တစ်ဦးတည်း သီးသန့်ထားရှိပြီး အကျဉ်းကျခံနေရတာဖြစ်ပါတယ်။
Era’sEyes/နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ။ (Photo: AFP)/RFA