အင်အား (၁၀၀) ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဧပြီလ (၁၉) ရက်နေ့ မနက် (၆) နာရီ ဝန်းကျင်ကတည်းက ခင်ဦးမြို့နယ် အနောက်ခြမ်း ခင်ဦး-မုံရွာ ရထားသံလမ်းဘေးရှိ မြကန်ကျေးရွာအတွင်းသို့ လက်နက်ကြီးငယ် ပစ်ခတ် ဝင်ရောက်ခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ကာ မိုင်းခွဲပြီး ပြန်အဆုတ်တွင် ပိတ်မိကာ ဒေသခံ ကာကွယ်ရေး ရဲဘော်များဖြစ်သော ရဲဘော်တရုတ်ကြီး၊ ရဲဘော်မိုးဟိန်း၊ ၊ ရဲဘော်ဖိုးကျော်၊ ရဲဘော်ကိုနောင်နဲ့ ရဲဘော်ကျော်နိုင်တို့ ကျဆုံးခဲ့ရရီး ဒေသခံ အမျိုးသားပြည်သူ (၅) ဦးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းက အင်းပတ်ကျေးရွာ၊ မြကန်ကျေးရွာ၊ ကုန်းသာကျေးရွာ၊ မရမ်းအင်းကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံကျေးရွာ၊ဆည်ကြီးကျေးရွာ၊ သဲကုန်းကြီးကျေးရွာ၊ မုံတောရွာ၊ ဒါန်းကုန်းရွာ၊အောင်သာရွာ၊ အင်းပေါက်ရွာ၊ ကျွန်းဆွယ်ရွာ၊ ကျွန်းလယ်ရွာ၊ သိမ်တော်ရွာ၊ကြာပင်အိုင်ရွာတို့မှ ဒေသခံ နှစ်သောင်းကျော်ဟာလည်း စစ်ကောင်စီတပ် အင်အား (၁၀၀) ကျော်က စစ်ကြောင်းထိုး လှည့်လည်သွားလာနေတာကြောင့် နွေရာသီ နေပူထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အတွက် အထူးသဖြင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုတွေမှာ အခက်အခဲများ ဖြစ်နေကြောင်း သိရပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ဒီကနေ့ ၁၁ နာရီဝန်းကျင်အချိန်မှာ အောင်သာရွာအတွင်းသို့ ဝင်ရောက်ခဲ့ကာ မီးတင်ရှို့ခဲ့ကြကြောင်း သိရှိရပါတယ်။ ဒေသခံများ ရွာထဲကို ပြန်မဝင်နိုင်သေးတဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေကို မသိရှိရသေးကြောင်းလည်း သိရပါတယ်။
Source/Photos: ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး