ဧပြီလ (၂၂) ရက် မနေ့က အီတလီနိုင်ငံ၊ ရောမမြို့ အီတလီစံတော်ချိန် ညနေ (၆) နာရီမှာ ပြုလုပ်ခဲ့တဲ့ ထိုင်းရိုးရာလက်ဝှေ့ ယှဥ်ပြိုင်ထိုးသတ်ပွဲမှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာဟာ ပြိုင်ဘက် အီတလီလက်ဝှေ့မယ် အက်စတာဗိုင်အိုလာ (Ester Viola) ကို အနိုင်ရရှိသွားတယ်လို့ သိရပါတယ်။ ဒီပွဲဟာ သူမရဲ့ပထမဆုံး နိုင်ငံတကာပြိုင်ပွဲ ဖြစ်ကြောင်းလည်း သိရပါတယ်။
ပွဲအချီအပြည့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး မြန်မာနိုင်ငံသူ ကယန်းလက်ဝှေ့မယ် ဘရော်နီကာက အမှတ်ဖြင့် အနိုင်ရရှိခဲ့တယ်လို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ (၂၄) ရက်ကလည်း ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ထိုင်းဘုရင့်ဖလားချန်ပီယံမှာလည်း ဘရော်နီကာက ဂရိနိုင်ငံသူ Fani Peloumpi ကို သုံးချီမြောက်မှာ ညာဝိုက်လက်သီးထိုးချက်နဲ့ အလဲထိုးပြီး အနိုင်ယူထားခဲ့ပါတယ်။
ဘရော်နီကာဟာ မြန်မာ့ရိုးရာလက်ဝှေ့မှာ ပထမဆုံး အမျိုးသမီး ရွှေခါးပတ်ဆုရှင် ဖြစ်ပြီး ထိုင်းရိုးရာ လက်ဝှေ့ယှဥ်ပြိုင်ပွဲတွေမှာလည်း အနိုင်ရယူထားနိုင်ကာ လက်ရှိကမ္ဘာ့ချန်ပီယံလည်း ဖြစ်ပါတယ်။
Era’s Eye | Grace H.