စစ်ကောင်စီ၏ မယ်စိထာဂိတ်စခန်း ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁)နှင့် တပ်မဟာ(၅) ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးခဲ့တယ်လို့ KNU ဗဟိုရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မယ်စိထာဂိတ်စခန်း ဟာ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နှင့် KNU ဖာပွန်ခရိုင် တပ်မဟာ (၅) အကြား မှာ ရှိပြီးအချက်အခြာ ကျတဲ့ စခန်းတခု ဖြစ်တယ်လို့ သိရပါတယ်။
အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ – ၈)၊ ခမရ (၄၀၁)တပ်ရင်း လက်အောက်ခံ မယ်စိထာ စစ်ဆေးရေးဂိတ်အား ယနေ့ မနက် ၄နာရီခွဲအချိန်က တိုက်ခိုက်ခဲ့ရာ နာရီဝက်အကြာမှာ စခန်းကို သိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။
အဲဒီစခန်းခန်းသိမ်းတိုက်ပွဲအတွင်းမှာ အာဏာသိမ်း စစ်ကောင်စီ တပ်သား ငါးဦး စခန်းအတွင်းမှာ သေဆုံးခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ ကတော့ ထိခိုက်မှုမရှိ ဘူးလို့ သိရပါတယ်။
စစ်ကောင်စီတပ်ထံမှ ပစ္စတို MA 5 (၁)လက်၊ K3 79 (၁)လက်၊ K3 (၃)လက်၊ ကျည်ဘောက် (၂၀)ခု၊ ကျည်ဆံ (၁,၅၀၀)တောင့်ကို သိမ်းယူနိုင်ခဲ့ ပါတယ်။
မယ်စိထာဂိတ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် KNLA ပူးပေါင်းတပ်ဖွဲ့အားဦးဆောင်သူ တပ်မှူးများမှာ သထုံခရိုင်-KNLA အမှတ်(၁)တပ်မဟာ ဗျူဟာရုံးထိုင်မှူး ဗိုလ်ကြီး စောရမ်ဗိုနှင့် မူတြော်ခရိုင် KNLA တပ်ရင်း (၁၀၂) ဒုတပ်ရင်းမှူး ဗိုလ်ကြီး ဗိုလ်တောတို့ဖြစ် တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
Era’sEyes | Photo – KNU (စစ်ကောင်စီတပ်၏ မယ်စိထာ ဂိတ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးပြီးနောက် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။)