နိုင်ငံရေးအကျဉ်းသား ၂၁၅၃ ဦးကို ပြန်လွှတ်ပေးမည် ဟု စစ်ကောင်စီက ယနေ့ မေလ (၃) ရက်နေ့တွင် ကြေညာလိုက်ပြီးတဲ့နောက်မှာ ရန်ကုန် အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာသူတွေကို မြင်တွေ့ရတာဖြစ်ပါတယ်။
ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးအကျဉ်းကျခံထားရသူများကို ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း၊ နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူများကို ရာဇဝတ်ကျင့်ထုံးပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁ အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့တာပါ။
ပုဒ်မ ၅၀၅ -က နဲ့ ထောင်ဒဏ်ချမှတ်ခံရသူတွေထဲက ၂၁၅၃ ဦး ကို ဒီကနေ့ မေလ ၃ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေနဲ့ လူသားချင်းစာနာမှုအရ လွတ်ငြိမ်းခွင့်ပေးတယ်ဆိုပြီး စစ်ကောင်စီ က လွှတ်ပေးနေတာလည်းဖြစ်ပါတယ်။
ပုဒ်မ ၅၀၅-က ဟာ အများပြည်သူကိုထိတ်လန့်ကြောက်ရွံ့အောင် ကြံရွယ်ဆောင်ရွက်တာ၊ မမှန်သတင်းမှန်းကြိုတင်သိရှိပါလျက်နဲ့ မမှန်သတင်းတွေကို ရည်ရွယ်ချက်နဲ့ ဖြန့်ဝေတာ၊ အစိုးရဝန်ထမ်း၊ အစိုးရအဖွဲ့အစည်း တို့ကို ပြစ်မှုကျူးလွန်လာအောင် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ လှုံ့ဆော်တာ စတာတွေပြုလုပ်ကြောင်းထင်ရှားရင်အမြင့်ဆုံးပြစ်ဒဏ်ကို ထောင် ဒဏ် သုံးနှစ်အထိချမှတ်နိုင် တဲ့ ပုဒ်မ တခု ဖြစ်ပါတယ်။
Era’sEyes | Photo – CRD