ကျားဖြူစစ်ကြောင်း (၂) စစ်ကြောင်းရုံး၊ တပ်ခွဲ ၁၊ တပ်ခွဲ ၆ နောက်တန်းစခန်းနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် PDFရဲဘော် သုံးဦးကျဆုံးခဲ့ရတယ်လို့ ကျားဖြူစစ်ကြောင်း (၁)က ထုတ်ပြန်ထားချက်အရသိရပါတယ်။
အဲဒီစခန်းဟာ မွန်ပြည်နယ်၊ ရေးမြို့နယ် သံဖြူဇရပ်မြို့နယ်ကြားမှာတည်ရှိတာပါ။
ပြီးခဲ့တဲ့ မေ ၇ရက်က ည ၁၀ နာရီ ၅၅ မိနစ်မှာ စစ်တပ်က လေကြောင်းကနေ ပထမအကြိမ် တိုက်လေယာဉ်နဲ့ ပေါင် (၅၀၀) ဗုံး (၂) လုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။
ဒုတိယ အကြိမ်အနေနဲ့ မေ ၈ရက် မွန်းတည့် ၁၂နာရီဝန်းကျင်မှာလည်း Mi-35 ရဟက်ယာဉ်နဲ့ ထပ်မံလာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
စစ်တပ်ရဲ့ ဒုတိယအကြိမ်လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ကျားဖြူစစ်ကြောင်းက အမျိုးသား ရဲဘော် နှစ်ဦးနဲ့အမျိုးသမီး ရဲဘော် တဦး စုစုပေါင်း ရဲဘော် (၃) ဦး ကျဆုံးခဲ့ရပြီး ရဲဘော် ၄ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသူတွေကတော့ ကျားဖြူတပ်ခွဲ (၁) မှ PDF ရဲဘော် ဇွဲမာန်လင်း (ခ) စနေ၊ ရဲဘော် ထွန်းလင်းအောင် (ခ) မြကြီး၊ ရဲမေ မခင်သန္တာဆွေ (ခ) မမြင့်တို့ ဖြစ်တယ်လို့သိရပါတယ်။
Era’sEyes/Photo/ကျားဖြူစစ်ကြောင်း