ဘရာဇီးအသင်းအတွက် ကမ္ဘာ့ဖလား ၃ ကြိမ်ရယူပေးခဲ့တဲ့ ဂန္ထဝင်ကစားသမားကြီး ပီလီဟာ အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သူ့မိသားစုက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အူမကြီးကင်ဆာရောဂါ ခံစားနေရတဲ့ ပီလီဟာ နိုဝင်ဘာလ ၂၉ ရက်နေ့ကတည်းက ဆာအိုပေါ်လိုမြို့က အဲလ်ဘတ်အိုင်းစတိုင်းအစ္စရေးလိုက်ဆေးရုံမှာ တက်ရောက်ကုသနေခဲ့ရတာဖြစ်ပြီး ခရစ္စမတ်မတိုင်မီ ဆေးစစ်ချက်တွေအရတော့ ကျောက်ကပ်က အလုပ်မလုပ်တော့ဘူးလို့ ဖော်ပြထားပါတယ်။
ပီလီဟာ အသက် ၁၅ နှစ်အရွယ်မှာ ကစားသမားဘဝကို ဆန်းတို့စ်အသင်းနဲ့စတင်ခဲ့ပြီး နောက်တစ်နှစ်အကြာမှာပဲ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ကစားခွင့်ရခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ်မှာ ဘရာဇီးအတွက် ၁၉၅၈ ကမ္ဘာ့ဖလားချန်ပီယံဆုရယူပေးနိုင်ခဲ့ပြီး ၁၉၆၂ နဲ့ ၁၉၇၀ ကမ္ဘာ့ဖလားတွေကိုပါ ရယူပေးနိုင်ခဲ့လို့ ကမ္ဘာ့ဖလားကို ၃ ကြိမ်ဗိုလ်စွဲဖူးတဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဖီဖာရဲ့မှတ်တမ်းတွေမှာ ပီလီဟာ ကစားသမားဘဝတလျှောက် ၈၃၁ ပွဲမှာ ၇၅၇ ဂိုးသွင်းယူခဲ့တယ်လို့ ဖော်ပြခဲ့ပေမယ့် ဆန်းတို့စ်အသင်းကတော့ ပီလီရဲ့သွင်းဂိုးဟာ ၁၀၀၀ ကျော်တယ်လို့ ဆိုပါတယ်။ ပီလီဟာ ကစားသမားကို မြောက်အမေရိကနဲ့ တောင်အမေရိကမှာပဲ ကျင်လည်ကစားခဲ့ဖူးပြီး ဥရောပမှာတော့ မကစားခဲ့ဖူးပါဘူး။