နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပြင်သစ် ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံသဖွယ် စတင်ပြုမူဆောင်ရွက်ရန် ဥရောပကို မက်ခရွန် တိုက်တွန်း

BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအနေဖြင့် “အင်အားကြီးနိုင်ငံ” တစ်ခုကဲ့သို့ စတင်ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားကာ ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် မိမိကိုယ်ကိုယ် အခိုင်အမာရပ်တည်ရန် တိုက်တွန်းလိုက်သည်။

တရုတ်၊ ရုရှားနှင့် ယခုအခါ အမေရိကန်တို့ထံမှပါ ကြီးထွားလာနေသော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် ဥရောပတိုက်အနေဖြင့် “နိုးကြားကြရန် သတိပေးချက်” နှင့် ရင်ဆိုင် နေရပြီ ဖြစ်ကြောင်း ဥရောပသတင်းစာအုပ်စုတစ်ခုသို့ ၎င်းက ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့ဟာ အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာဖို့ အသင့်ဖြစ်ပြီလား? ဒါဟာ စီးပွားရေးနဲ့ ဘဏ္ဍာရေးကဏ္ဍ၊ ကာကွယ်ရေးနဲ့ လုံခြုံရေးကဏ္ဍ၊ ပြီးတော့ ကျွန်ုပ်တို့ရဲ့ ဒီမိုကရေစီစနစ်တွေ မှာပါ မေးစရာဖြစ်လာတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။”

“တခြားခေတ်ကာလတစ်ခုမှာဆိုရင်တော့ ဒါဟာ ‘လူလားမြောက်ကြောင်း သက်သေပြရမယ့်’ အချိန်လို့ ကျွန်တော်တို့ ပြောကောင်းပြောခဲ့ကြပါလိမ့်မယ်” ဟု ယခုသီတင်းပတ်နှောင်းပိုင်း ဘရပ်ဆဲလ်တွင် ကျင်းပမည့် အီးယူထိပ်သီးအစည်းအဝေး မတိုင်မီ ၎င်းက ပြောဆိုခဲ့သည်။

စက်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်သော ယူရိုဘီလီယံ ရာပေါင်းများစွာကို ရှာဖွေရန် အတွက် အီးယူတစ်ဝှမ်း ဘုံအကြွေးစနစ် (Mutualised loans) ကျင့်သုံးရန် မက်ခရွန်က ၎င်း၏ တောင်းဆိုချက်ကို ထပ်လောင်းပြောကြားခဲ့သည်။

“ကျွန်ုပ်တို့ရဲ့ အနာဂတ်အသုံးစရိတ်တွေအတွက် ရန်ပုံငွေရှာဖို့ စုပေါင်းကြွေးမြီစွမ်းဆောင်ရည် -အနာဂတ်အတွက် ယူရိုဘွန်း (eurobonds) တွေကို စတင်ဖို့ အချိန်တန်ပါပြီ။ အကောင်းဆုံး စီမံကိန်းတွေကို ရန်ပုံငွေထောက်ပံ့ပေးဖို့ ကြီးမားတဲ့ ဥရောပအစီအစဉ်တွေ လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယခင်က ထိုကဲ့သို့ တောင်းဆိုမှုများကို ဂျာမနီနှင့် အခြားနိုင်ငံများက သံသယဖြင့် ရှုမြင်ခဲ့ကြ သည်။ ပြင်သစ်သည် ၎င်းတို့နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အားနည်းချက်ကြောင့် တစ်နိုင်ငံ တည်း မထမ်းဆောင်နိုင်သော ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို ဥရောပအား ဝိုင်းဝန်းထမ်းခိုင်း လိုခြင်း ဖြစ်သည်ဟု ထိုနိုင်ငံများက ယူဆကြသည်။

ပြင်သစ်နိုင်ငံသည် “တာဝန်ယူမှုစိတ်ဓာတ်ပေါ်တွင် ပိုမိုအခြေခံသော မြောက်ပိုင်းစီးပွားရေး နိုင်ငံအချို့နှင့်မတူဘဲ မျှခြေရှိသော စံနမူနာမျိုး တစ်ခါမျှမရှိခဲ့ဖူးကြောင်း” မက်ခရွန်က ဝန်ခံ ခဲ့သည်။

“ပြီးတော့ ကျွန်တော်တို့ဆီမှာ ၂၀၁၀ ပြည့်နှစ်တွေတုန်းက ပေါ်တူဂီ၊ စပိန်၊ အီတလီနဲ့ ဂရိတို့မှာ စတင်ခဲ့ပြီး ဒီနေ့မှာ အကျိုးအမြတ်တွေ ခံစားနေရတဲ့ ပြုပြင်ပြောင်းလဲမှုမျိုးတွေ တစ်ခါမှ မရှိခဲ့ပါဘူး။”

သို့သော်လည်း ကမ္ဘာ့ဘဏ္ဍာရေးစျေးကွက်တွင် ဥရောပ၏ စုပေါင်းကြွေးမြီအပေါ် တောင်းဆိုမှုများ မြင့်တက်နေသော်လည်း လက်ရှိတွင် အီးယူ၌ ယင်းကို ထောက်ပံ့ပေးနိုင်စွမ်း မရှိသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ကမ္ဘာ့စျေးကွက်တွေဟာ အမေရိကန်ဒေါ်လာအပေါ် တည်မှီနေရမှုအပေါ် ပိုပြီးတော့ စိုးရိမ်လာကြပါတယ်။ သူတို့က တခြားရွေးချယ်စရာတွေကို လိုချင်နေကြတာပါ။…”

“နေရာတိုင်းက ရင်းနှီးမြှုပ်နှံသူတွေအတွက် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ရှိတဲ့ နိုင်ငံဟာ ဆွဲဆောင်မှုအကြီးကြီးပါပဲ။ ကမ္ဘာကြီးရဲ့ လက်ရှိအခြေအနေကို ကြည့်တဲ့အခါ တရုတ်လို အာဏာရှင်စနစ်ရှိတဲ့ဘက်ရှိသလို၊ တခြားတစ်ဖက်မှာတော့ ဥပဒေစိုးမိုးရေးကနေ တစ်စထက် တစ်စ ပိုပြီးဝေးကွာသွားတဲ့ အမေရိကန်ကို တွေ့ရပါတယ်။”

မက်ခရွန်၏ အဆိုအရ အဖွဲ့ဝင် ၂၇ နိုင်ငံပါဝင်သော အီးယူသည် လုံခြုံရေးနှင့် ကာကွယ်ရေး၊ သန့်ရှင်းသော စွမ်းအင်နှင့် ဉာဏ်ရည်တု (AI) ကဲ့သို့သော အရေးကြီးကဏ္ဍများတွင် ရင်းနှီး မြှုပ်နှံရန် တစ်နှစ်လျှင် ယူရို ၁.၂ ထရီလီယံ (ဒေါ်လာ ၁.၄ ထရီလီယံ) လိုအပ်နေသည်။

အီးယူအနေဖြင့် ထိုလုပ်ငန်းကဏ္ဍများကို “ကာကွယ်စောင့်ရှောက်ရန်” တိုက်တွန်းရင်း ၎င်းက “တရုတ်တွေလည်း ဒါကိုလုပ်တယ်၊ အမေရိကန်တွေလည်း လုပ်တယ်။ ဒီနေ့ ဥရောပဟာ ကမ္ဘာမှာ အပွင့်လင်းဆုံး စျေးကွက်ဖြစ်နေတယ်” ဟု ဆိုသည်။

“ဒါကိုကြည့်ပြီး ကျွန်တော်တို့က အကာအကွယ်ပေးရေးဝါဒ (Protectionist) ကျင့်သုံးရမယ်လို့ မပြောပါဘူး။ ဒါဟာ ပိုပြီးတော့ ဟန်ချက်ညီဖို့ကိစ္စပါ – တစ်နည်းအားဖြင့် ပြောရရင် ကျွန်တော်တို့ရဲ့ ပြည်တွင်းထုတ်လုပ်သူတွေအပေါ်သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ဥရောပသားမဟုတ်သူတွေအပေါ်မှာမသတ်မှတ်ဖို့ပါပဲ။”

“ဒီနေ့မှာ ဥရောပဟာ ပရမ်းပတာဖြစ်နေတဲ့ ကမ္ဘာကြီးထဲမှာ ကြီးမားတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင် နေရပါတယ်” ဟု ၎င်းက ပြောသည်။

“ရာသီဥတုပြောင်းလဲမှုက မြန်ဆန်လာတယ်။ ကျွန်တော်တို့ရဲ့ လုံခြုံရေးကို ထာဝရ အာမခံ ပေးလိမ့်မယ်လို့ ထင်ခဲ့တဲ့ အမေရိကန်ကလည်း အခုတော့ မသေချာတော့ဘူး။ ရုရှားက ကျွန်တော်တို့ကို စျေးပေါတဲ့ စွမ်းအင်တွေ ထာဝရပေးလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် အဲဒါက လွန်ခဲ့တဲ့ သုံးနှစ်မှာ ရပ်တန့်သွားခဲ့ပြီ။ တရုတ်ကတော့… တစ်နေ့ထက်တစ်နေ့ ပိုပြီးပြင်းထန် လာတဲ့ ပြိုင်ဘက် ဖြစ်လာတယ်။”

“ဒီနေ့မှာ ကျွန်တော်တို့ ဥရောပသားတွေဟာ ကိုယ့်အားကိုယ်ကိုးရတော့မယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အချင်းချင်းရှိကြပါတယ်။ ကျွန်တော်တို့ဟာ လူဦးရေ ၄၅၀ သန်းရှိတယ်။ ဒါဟာ အင်အားကြီးမားပါတယ်။ ကျွန်တော့်အတွက်တော့ [အင်အားကြီးနိုင်ငံ ဖြစ်လာခြင်း]  ဟာဥရောပရဲ့ စွန့်စားခန်းကို အောင်မြင်အောင် ဖြည့်ဆည်းခြင်းပါပဲ။”

“စစ်ပွဲကို ရပ်တန့်ဖို့ ကျွန်တော်တို့ အတူတကွ ပူးပေါင်းခဲ့ကြတယ်၊ စျေးကွက်တစ်ခု တည်ဆောက်ဖို့ ကျွန်တော်တို့ အတူတကွ ပူးပေါင်းခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ်တိုင်က ‘အင်အားကြီးနိုင်ငံ’ အဖြစ် စဉ်းစားဖို့ အမြဲတမ်း တားမြစ်ခဲ့ကြပါတယ်။”

ဂရင်းလန်းကိစ္စနှင့် ပတ်သက်၍ ဝါရှင်တန်နှင့် နောက်ဆုံးဖြစ်ပွားခဲ့သော ထိပ်တိုက်ရင်ဆိုင်မှု တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဒိန်းမတ်နယ်မြေကို သိမ်းယူမည့် ခြိမ်းခြောက်မှုမှ နောက်ဆုတ်သွားသည့်အပေါ် မေးမြန်းရာတွင် မက်ခရွန်က ဥရောပသားများအနေဖြင့် အလှည့်စား မခံသင့်ကြောင်း ပြောကြားခဲ့သည်။

“အကျပ်အတည်းတစ်ခုအဆုံးမှာ ‘တော်သေးတာပေါ့’ ဆိုပြီး လက်ပိုက်ကြည့်နေတတ်တဲ့ သူရဲဘောကြောင်တဲ့ အလေ့အထရှိပါတယ်။ ခြိမ်းခြောက်မှုတွေ၊ အကျပ်ကိုင်မှုတွေ ရှိလာ ပြီးမှ ရုတ်တရက် ဝါရှင်တန်က အလျှော့ပေးလိုက်တဲ့အခါ လူတွေက အားလုံးပြီးသွားပြီလို့ ထင်တတ်ကြတယ်။”

“တစ်စက္ကန့်လေးတောင် အဲဒီလို မယုံလိုက်ပါနဲ့” ဟု ပြင်သစ်ခေါင်းဆောင်က ဆိုသည်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် စကားပြောနေစဥ် (ပုံ)။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 35 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 36 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 38 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 39 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 47 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 43 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက