၂၀၂၃ ခုနှစ်၊ ဧပြီလ (၅) ရက်၊ မန္တလေး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ချိတ်ဆက်ပြီး အွန်လိုင်းမှာ စာသင်ကြားနေတဲ့ မန္တလေးမြို့ရှိ Federal School of Aung Myay Thar Zan မှ ကျောင်းတာဝန်ခံ အိရွှေစင်မြင့် အပါအဝင် (၁၅) ဦးကို မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ သူတို့ရဲ့နေအိမ်တွေမှာ ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီမှ မနေ့က ဧပြီလ (၄) ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။
စစ်ကောင်စီက ဖမ်းဆီးသွားတဲ့သူတွေကတော့ ကျောင်းတာဝန်ခံ အိရွှေစင်မြင့်၊တင်တင်လတ်၊ စန်းစန်းဝင်း၊ ခိုင်မာသန်း၊ နေကြည်ဝင်း၊ ခင်ကြည်မာဝေ၊ အေးမြတ်မွန်၊ ကျော်စန်းထွေး၊ ဇော်မျိုးထွန်း၊ ခင်နွယ်ဦး၊ ယဉ်ယဉ်မင်း၊ ခင်မြတ်နိုး၊ ခိုင်မာဖြိုး၊ အိအိအောင်၊ ချောစုသန်း စုစုပေါင်း ၁၅ ဦး ဖြစ်ပါတယ်။
ဒါ့အပြင် အဲ့ဒီအွန်လိုင်းစာသင်ကျောင်းမှာ စာရင်းပေးသွင်းပြီး စာသင်နေတဲ့ ကျောင်းသားများကိုလည်း ဆက်လက်ဖော်ထုတ်ပြီး အရေးယူသွားမယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ချိတ်ဆက်ပြီး အွန်လိုင်းမှာ စာသင်နေတဲ့ စာသင်ကျောင်းတွေ မကြာခဏ အဖမ်းအဆီးခံနေရတဲ့အတွက် အခြားကျောင်းတွေမှာ စာရင်းသွင်းထားတဲ့ မိမိသားသမီးများအတွက် စိတ်ပူပန်နေကြောင်း မိဘများက ပြောဆိုနေကြပါတယ်။
ဓာတ်ပုံ။ စစ်ကောင်စီ