စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ရွှေတောင်ဦး ကွန်ပျူတာစာသင်ကျောင်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Brother Defence Force ရဲ့ ဒီကနေ့ စက်တင်ဘာလ (၆) ရက်နေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
စက်တင်ဘာလ (၅) ရက်နေ့ နေ့လယ် (၁)နာရီ (၄၅)မိနစ်အချိန်နဲ့ (၂) နာရီ (၂၀) မိနစ်တို့မှာ ရွှေတောင်ဦး ကွန်ပျူတာကျောင်းထဲက စစ်ကောင်စီတပ်ကို ရှော့တိုက်ဒုံး (၃)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ ရွှေတောင်ဦးကွန်ပျူတာတက္ကသိုလ်စာသင်ကျောင်းထဲ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ကို ရော့ကတ်သုံးလုံးဖြင့် ကျွန်တော်တို့ Brother Defence Force နဲ့ မဟာမိတ်တပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်” လို့ ပြောဆိုထားပါတယ်။
အဲ့ဒီတိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်ဘက်က အင်အားတိုးချဲ့ထားပြီး အထိအခိုက်ကိုတော့ စုံစမ်းနေတယ်လို့ ဖော်ပြထားပါတယ်။
အထက်ပါစစ်ဆင်ရေးကို ယင်းမာပင်ခရိုင်တပ်ရင်း (၁၆) တပ်ခွဲ (၁) Brother Defence Force၊ တပ်ခွဲ(၂) One Star Task Force-OSTF နဲ့ မဲမှောင်ပျောက်ကြားတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။